မဲခေါင်၊ သြဂုတ် ၂၄
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်နဲ့ မိုင်းကိုင်မြို့နယ်အကြားက မိုင်းလန်းတောင်ကြောမှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားလှုပ်ရှားနေတယ်လို့ သိရပါတယ်။
တရုတ် Wechat သတင်းတွေမှာ ကိုးကန့်နဲ့ ပအိုဝ်းထိပ်တိုက်တွေ့နေကြတယ်လို့ ဖော်ပြနေတာမှာ ကိုးကန့်တွေ နမ့်လန်ထိ တက်လာပြီး မိုင်းကိုင်၊ လဲချားမြို့အထိ ဝင်ရောက်လာတယ်လို့ဖော်ပြထားကာ တစ်ဘက်မှာလည်း ပင်လုံမြို့ဘက်က ပအိုဝ်းအဖွဲ့က မိုင်းကိုင်မြို့အထိ တက်လာပြီးကိုးကန့်အဖွဲ့က ပိတ်ဆို့ထားတယ်လို့ ရေးသားထားပြီး တိုက်ပွဲတွေ ဖြစ်လာ မလာ စောင့်ကြည့်နေတယ်လို့ လဲ ပါရှိပါတယ်။
ယင်းသတင်းနဲ့ပတ်သက်ပြီး မဲခေါင်အနေနဲ့ မြေပြင်ကို စုံစမ်းရာမှာ “ဒီနယ်က SSPP တွေတော့ အဝင်အထွက် တအားများနေတာထူးခြားတယ်၊ ဟိုသတင်းကတော့ မိုင်းကိုင်အနောက်ဘက် ဆင်တောင်ကြောပေါ်က မိုင်းလန်းမှာ ပအိုဝ်းတပ်တွေ လှုပ်ရှားနေတာသိရတယ်၊ အဲနေရာက ပအိုဝ်းဒေသ ၆ ထဲပါသွားတာ၊ အရင်က မိုင်းကိုင်အပိုင်၊ နမ့်လန်ဘက်တော့ မသိရဘူး”လို့ မိုင်းကိုင်ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဖြေကြားပါတယ်။
မိုင်းကိုင်နဲ့ ဟိုပုံးမြို့နယ်အစပ် ဆင်တောင်ကြောပေါ်က မိုင်းလန်းမှာ လမ်းပန်းအခြေအနေအရ ပါတီ၊ ကောင်စီခေတ်မှာ မိုင်းကိုင်မြို့နယ်ထဲက ဟိုပုံးမြို့နယ်ထဲ ထည့်သွင်းခဲ့ကြောင်း နဲ့ မိုင်းကိုင်မှာ ဆင်တောင်အရှေ့ဘက်မှာ ရှိပြီး ဟိုပုံးမှာ ဆင်တောင်အနောက်ဘက်တွင် တည်ရှိနေကြောင်း၊ ပင်လုံ(ဝမ်ယိန်း)နဲ့ စနင်းတောင်ကြောအထိ ဆက်စပ်နေတဲ့ နေရာဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။
မိုင်းကိုင်နဲ့ လဲချား ၂၉ မိုင်၊ လဲချား-ပင်လုံ ၃၀ မိုင်ရှိပေမယ့် ယင်းဆင်တောင်ကြောပေါ်က သွားပါက ခရီးကျုံ့ပြီး ပိုနီးကြောင်း နဲ့ တရုတ်Wechat သတင်းပါ နမ့်လန် ကို ကျောက်ဂူ- နောင်ဝိုးဘက်ကလည်း သွားရောက်နိုင်တယ်လို့ သိရပါတယ်။
MNDAA တပ်တွေကတော့ သီပေါမြို့နယ် နောင်ကော်ကြီးက ခလရ-၁၄၇ ကို တိုက်ခိုက်ပြီးနောက် မိုင်းရယ်-တန့်ယန်း(ဟိုယ)က စစ်ကောင်စီတပ်တွေကို စစ်ဆိုင်ထားပြီး နမ့်လန်က ခလရ-၂၄၇၊ ခမရ-၅၀၅၊ ၅၀၆ တွေကို တိုက်ခိုက်နေတယ်လို့ စစ်ရေးလေ့လာသူတွေက ဖော်ပြနေပါတယ်။
မိုင်းကိုင်၊ ပင်လုံနဲ့ဟိုပုံးမြို့နယ်က ပြည်သူတွေကတော့ နောင်တရားမှာ PNO ၁ သောင်း အင်အားပြလာတာ၊ ခရီးသွား လမ်းတွေ ကန့်သတ်လာတာတွေနဲ့ ရှမ်းမြောက်ကနေ ရှမ်းတောင်ကို ကူးစက်လာနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
MK-012









