မဲခေါင်၊ ဩဂုတ် ၂၃
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲ တစ်လတာအတွင်း အရပ်သား ၃၉ ဦး သေဆုံးပြီး ၃ ဦးပျောက်ဆုံးနေတယ်လို့ မြို့ခံတွေရဲ့ သတင်းပြုစုချက်အရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အတည်မပြုနိုင်သေးသူ ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
“အချက်အလက်တွေတော့ ကျန်ခဲ့တဲ့လူတွေက ပြုစုထားတာတွေ စုပေါင်းထားတာပါ။ ထိခိုက်သေဆုံးမှုတွေ၊ ပျက်စီးမှုတွေကတော့ ဒီထက် ပိုနိုင်ပါတယ်” လို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မိုးကုတ်မြို့မှာ ကျန်ရှိခဲ့သူ တစ်ဦးက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ မင်းတံတား ၆ ဦး၊ ရေပူ ၂ ဦး၊ အုန်းကိုင်း ၂ ဦး၊ စစ်တန်းကုန်း ၇ ဦး၊ ကုန်းမြင့်သာယာ ၅ ဦး၊ ပတ္တမြား တစ်ဦး၊ စည်ပင်သာယာ တစ်ဦး၊ ထင်းရှူးခြံ ၃ ဦး၊ ရွှေကူ ၂ ဦး၊ အောင်နန်း ၂ ဦး၊ မင်္ဂလာသုခ တစ်ဦး၊ ညောင်သုံးပင် ၃ ဦး၊ အောင်ချမ်းသာ တစ်ဦး၊ မြို့လယ် တစ်ဦး၊ ဈေးသစ် ၂ ဦး၊ ဗမွန် တစ်ဦး စတဲ့ရပ်ကွက်တွေက ဖြစ်ပြီး ဗိုလ်ကုန်းရပ်ကွက်မှာလည်း ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူနဲ့ အခြေအနေစိုးရိမ်ရသူတွေလည်း အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ စုစုပေါင်း ၇၈ ဦး အထိရှိပြီး နေအိမ်ပျက်စီးမှုပေါင်း ၁၇၁ လုံးအထိ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မိုးကုတ်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန်လ ၂၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဇူလိုင်လ ၂၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးကုတ်ဗျူဟာ၊ TNLA နဲ့ မြို့ခံလူထုတွေက အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေပြီး တရားဥပဒေစိုးမိုးရေး စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
MK-014












