မဲခေါင်၊ သြဂုတ် ၂၂
ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ PNO ခေါင်းဆောင်တချို့က PNLA နဲ့ ပူးပေါင်းဖို့ တိုးတိုးတိတ်တိတ် စာတစ်စောင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)ထံ ပေးပို့လာတယ်လို့ သတင်းတစ်ခု ပြန့်နှံ့နေပါတယ်။
သတင်းနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနက အတည်ပြုနိုင်ဖို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ “မှတ်ချက်တော့ မပေးတော့ဘူး၊ ကျွန်အဖြစ်က စွန့်ခွာပြီး အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ် ကူးပြောင်းလာတဲ့ မည်သူမဆို အမြဲတမ်း ကြိုဆိုပါတယ်”လို့ PNLA က ထုတ်ပြန်အသိပေးထားပါတယ်။
မနေ့က သြဂုတ်လ ၂၁ ရက် က နောင်တရားမှာ PNO လူသစ် လက်နက်မပါ အင်အားပြခဲ့ပေမယ့် ခုလို သတင်းစကားထွက်ပေါ်လာတဲ့အပေါ် အမှန်တစ်ကယ်သာဆိုရင် လူထုက အတိုင်းမသိထောက်ခံတယ်လို့ပြောကြပါတယ်။
“ဒီကိစ္စသာမှန်ရင် ကျမတို့ ပအိုဝ်းတွေအနေနဲ့ အရမ်းဝမ်းသာမိမှာပါ၊ အမှန်တစ်ကယ် အကောင်အထည်ဖော်ဖြစ်ရင်တော့ အတိုင်းမသိပေါ့ရှင်”လို့ ဟိုပုံးမြို့ နောင်ဖဖာ ရပ်ကွက်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အလားတူ ဆီဆိုင်၊ အောင်ချမ်းသာ ရပ်ကွက်နဲ့ ပင်လောင်းကနေ ညောင်ရွှေရောက် စစ်ရှောင် တစ်ဦးကလည်း အမှန်တကယ်ဖြစ်လာဖို့ ဆုတောင်းကြတယ်လို့ပြောပါတယ်။
“လူထုက ငြိမ်းချမ်းရေးပဲမျှော်လင့်တာ၊ စစ်ကို မျှော်လင့်တာ မဟုတ်ဘူးလေ၊ ဒါပေမယ့် မတရားမှုကိုလည်းမကြိုက်သလို အခွင့်ထူးခံ ကိုယ့်လူမျိုးကိုချနင်းပြီး လုပ်စားနေတာကိုလဲ မကြိုက်ကြပါဘူး၊ စစ်မဖြစ်ဘဲ ဆွေးနွေးကြရင် အကောင်းဆုံးပါ”လို့ ပြောပါတယ်။
လက်ရှိ PNO က ပြုလုပ်နေတဲ့ စစ်စည်းရုံးမှုမှာ အဓမ္မလူသစ်စု၊ ငွေတောင်းတာ၊ သတ်ဖြတ်ညှဉ်းဆဲတာတွေကြောင့် လူထုမှာ ဒုက္ခတွေကို အကြောက်တရားနဲ့ ရွက်ထားရသလို PNO ထဲရောက်တဲ့ လူငယ်တချို့ ကိုယ့်ကိုကိုယ့် ပစ်သတ်သေတာတွေရှိလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က တွေးပူရွာ ဘုန်းကြီးကျောင်းမှာ အခြေပြုထားတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ PNO လူသစ်တစ်ဦး သူ့သေနတ်နဲ့သူ ပစ်သတ်သေသွားတယ်လို့ အကိုဖြစ်သူ PNO ခွန်ထွန်းဝေ က လူမှုကွန်ရက်မှာ တင်လာတာတွေ့ရပါတယ်။
အလားတူတိုက်ပွဲတွေမှာ ဆုံရင် ခေါင်းကိုသာပစ်သတ်သွားပါလို့ အဓမ္မစုဆောင်းခံခဲ့ရတဲ့ PNO လူသစ် တစ်ဦးကလဲ မှတ်ချက်ပြုလာတာတွေ့ရပါတယ်။
လက်ရှိမှာ ပအိုဝ်းဒေသအတွင်း တိုက်ပွဲတွေ တိတ်ဆိတ်နေတာဟာ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဖို့ လုပ်ဆောင်နေတာသာဆိုရင် အကောင်းဆုံးလို့ ပအိုဝ်းပြည်သူတွေ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
MK-012








