မဲခေါင်၊ သြဂုတ် ၂၂
ရှမ်းတောင်၊ ပအိုဝ်းဒေသမှာ တိုက်ပွဲဝင်နေတဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLA က ဒရုန်းတပ်ဖွဲ့ PNLA UAV Team နဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
PNLA က ဝေဟင်ကို ထိန်း မြေပြင်သိမ်း သိန်း ၆ ထောင်ကမ်ပိန်းကို ၄၅ ရက်ကြာ ပြုလုပ်ပြီးတဲ့နောက်မှာ နိုင်ငံတွင်း/ပြင်ပက အလှူရှင်တွေက ပံ့ပိုးလှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ ဒရုန်းတပ်ဖွဲကို အဆင့်မြင့် ဖွဲ့စည်းလေ့ကျင့်နိုင်ခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ ကမ်ပိန်းပြီးတာနဲ့ ပီပီပြင်ပြင် ပိုဖြစ်လာတယ် လက်ရှိမှာလည်း စစ်ဆင်ရေးဝင်နေပါတယ်။ ကင်းထောက်ဒရုန်း၊ ဗုံးကြဲဒရုန်း အစုံတပ်ဆင်နိုင်ဖို့ ကြိုးစားနေပေမယ့် လိုအပ်ချက်များစွာရှိပါတယ်၊ ဒါကြောင့် ဒရုန်းတပ်ဖွဲ့တွေကို ဒီထက်ပိုပြီး တာဝန်ထမ်းဆောင်နိုင်ဖို့ ကူညီပေးကြပါလို့ အကူအညီတောင်းပါတယ်”လို့ PNLA က ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွေ၊ နောင်ကျော့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒရုန်း ၂ စင်းကိုလည်း သိမ်းပိုက်ရရှိခဲ့တာဖြစ်လို့ ရန်သူ့လက်နက် မိမိလက်နက် ဆိုရိုးနဲ့အညီ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်မယ်လို့ လည်း ပြောပါတယ်။
လက်ရှိမှာ မဟာမိတ်တွေနဲ့ အတူ တိုက်ပွဲဝင်နေပြီး ရန်သူ့အဆုံးအရှုံးတွေကို ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
MK-012












