မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းအရှေ့၊ မိုင်းဆတ်မြို့ အမှတ်-၈၂၃ ထောက်ပို့တပ်က ရုံးအုပ် ဆိုသူဟာ တပ်တွင်းမိသားစုတွေကို ဖိနှိပ်အနိုင်ကျင့်မှုတွေ ပြုလုပ်နေသလို တပ်ပြေးလစာတွေကိုလည်း အထက်ကို စာရင်းလိမ်ပြီးထုတ်စားနေတယ်လို့ သိရပါတယ်။
ထပရ-၈၂၃ က ရုံးအုပ်/စာရေး ဒုအရာခံဗိုလ် မျိုးဇော်ဆတ် ဆိုသူက မှီခိုသူတွေနဲ့ လက်အောက်အဆင့်တွေကို အနိုင်ကျင့်ဖိနှိပ်နေတာလို့ ၄င်းရဲ့အနိုင်ကျင့်စော်ကားနှိပ်စက်မှုကိုသိတဲ့ ယင်းတပ်မိသားစုဝင် ၁ ဦးထံက သိရပါတယ်။
“ကလေးကို မူးယစ်ဆေးဝါးသုံးတယ်လို့ စွပ်စွဲပြီး ထောင်ကျမခံချင်ရင် တပ်ထဲဝင်ရမယ်ဆိုပြီး အတင်းအဓမ္မ တပ်ထဲဝင်ခိုင်းပါတယ်။ သူ့အဖေကိုလည်း ဆေးသုံးတယ်ဆိုပြီး ရိုက်နှက်သံခြေကျင်းခတ်ပြီး အချုပ်ထဲထည့်ပါတယ်၊ အခုအဲဒီလူက အချုပ်က ထွက်ပြေးသွားတော့ သူ့မိန်းမကို နင့်ယောက်ျား ကို ပြန်ရှာမတွေ့ရင် နင်ဒီမှာမနေနဲ့ဆိုပြီး မောင်းထုတ်ပါတယ်”လို့ ယင်း တပ်ရုံးအုပ်ရဲ့ မတရားမှုတွေကိုသိသူ တပ်မိသားစုဝင်တစ်ဦးက မဲခေါင်သတင်းဌာန ပြောပါတယ်။
အဆိုးဆုံးကတော့ တပ်ရှိတဲ့သူတွေ အားလုံကို ရုံးအုပ်ဆိုသူက ရိုက်နှက်အနိုင်ကျင့်တာဖြစ်ပြီး တပ်ကနေ ထွက်ပြေးသွားတဲ့သူတွေကိုအထက်ကို မတင်ပြဘဲ လစာထုတ်ပြီးစားနေတာလို့ ဆိုပါတယ်။
အဆိုပါ ရုံးအုပ်ဟာ တပ်မှူးနဲ့အပိုင်ပေါင်းပြီး တပ်က ရိက္ခာတွေကို အလွဲသုံးစားလုပ် ရောင်းစားနေကာ တပ်ထဲမှာ မနေတဲ့ သူတွေရဲ့နာမည်တွေနဲ့ ရပိုင်ခွင့်တွေကို ထုတ်ပြီးစားနေပါတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့တပ်မှာ ရုံပိုင်းဆိုင်ရာတွင် တကက/စာရေးများနှင့်ဖွဲ့စည်းထားပြီး ယင်းတို့အထက်မှ ဒုအရာခံဗိုလ်(ရုံးအုပ်/စာရေး) တစ်ဦးက တပ်တစ်တပ်လုံးရဲ့ ဦး/ရေး/ထောက်ကိစ္စရပ်များကို တပ်မှူး၊ တပ်ရေး/တပ်ထောက်တွေနဲ့ ပူးတွဲလုပ်ဆောင်ရသူဖြစ်ကာ တပ်ရဲ့နောက်တန်း အရေးကြီးနေရာတစ်နေရာကို ထိန်းချုပ်နေတယ်လို့ သိရပြီး ယခုအခေါ်အဝေါ်အရ ဒုအရာခံဗိုလ်နဲ့အထက် အရာခံဗိုလ်တို့ကို ဗိုလ်လေးလို့ခေါ်ဝေါ်ရကြောင်း စုံစမ်းသိရှိရပါတယ်။
မိုင်းဆတ်မှာ စကခ-၁၄ ရှိပြီး ယင်းလက်အောက်ခံ တပ် ၁၁ တပ်အတွက် ရိက္ခာ အစို/အခြောက် နောက်တန်း/ ရှေ့တန်းရိက္ခာတွေကို အခု ရုံးအုပ်ရှိတဲ့ ထပရ-၈၂၃ က တာဝန်ယူ သယ်ဆောင်၊ စုပုံ၊ ဖြန့်ခွဲ ပေးနေရတယ်လို့ သိရပါတယ်။
MK-012








