မဲခေါင်၊ ဩဂုတ် ၁၆
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)နေရာကို မိုင်းရယ်မြို့မှာ ဗျူဟာတစ်ခုအဖြစ် အစားထိုး ဖွင့်လှစ်ထားတယ်လို့ စုံစမ်း သိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ် (MNDAA)ရဲ့ ထိုးစစ်ဆင်မှုကြောင့် လားရှိုး ရမခတိုင်း ကျဆုံးခဲ့ပေမယ့် စစ်ကောင်စီက လားရှိုးနဲ့ ကျောက်မဲကို ပြန်တိုက်ယူဖို့အတွက် အစားထိုးဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။
အခုအသစ်ဖွင့်လှစ်ထားတဲ့ မိုင်းရယ်ဗျူဟာမှာ သီပေါမြို့က တက်လာမယ့် စစ်ကြောင်းတွေအတွက်လည်း ခုခံစစ်ပြင်ထားပြီး ရမခတိုင်းမှူးအသစ်အနေနဲ့ ဩဂုတ်လ ၁၁ ရက်နေ့က ဗိုလ်ချုပ်ကျော်မြင့်ထွန်းကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။
အရင်ရမခတိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်လက်အောက်မှာ ရမခတိုင်းမှူး ကျဆုံးခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဒု-လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်မြင့်ထွန်းကို အစားထိုးခန့်အပ်ပြီး ကွပ်ကဲခိုင်းနေတာပဲ ဖြစ်ပါတယ်။
မိုင်းရယ်မြို့နယ်ဟာ လားရှိုးခရိုင်အတွင်း ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေး ၂ ကျော့လုံးမှာ တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပေမယ့် လတ်တလောမှာတော့ အခြေအနေငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဟာ ဇူလိုင် ၁၃ ရက်နေ့က မိုင်းရယ်မြို့အတွင်း ဒေသခံရှမ်းလူထုကို ကာကွယ်ဖို့ ဝင်ရောက်တပ်စွဲထားတယ်ဆိုပြီး အင်အားအလုံးအရင်းနဲ့ တပ်စွဲခဲ့ပေမယ့် အခုအခါမှာ စစ်ကောင်စီက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မိုင်းရယ်မြို့မှာ တိုင်းမှူးအသစ်နဲ့ ယာယီလာရောက်ဖွင့်လှစ်ထားတာပါ။
လက်ရှိ သီပေါမြို့ကို TNLA ဦးဆောင် ထိုးစစ်ဆင်နေသလို မူဆယ်ကိုလည်း တော်လှန်ရေး မဟာမိတ်တပ်တွေက စစ်ပြင်နေတာကြောင့် မိုင်းရယ်မြို့ဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကလည်း လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဦးစီးချုပ်ရုံး (ဒစက)ဟာလည်း MNDAA ဆီလက်နက်ချခဲ့ပေမယ့် စစ်ကောင်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ချစစ်ဗိုလ်ချုပ်တွေကို သေဒဏ်ပေးခဲ့ဖူးပါတယ်။
MK-015








