မဲခေါင်၊ သြဂုတ် ၁၆
ကချင်ပြည်နယ်၊ ဖားကန့် ဒေသက စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လမောင် နဲ့ တောမှော် စစ်ကောင်စီ ရှေ့တန်း အဓိက စခန်း ၂ ခု KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ရှင်းလင်း သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“တောမှော် စစ်ကောင်စီ စခန်းကို မနေ့ကညနေပိုင်း ၄ နာရီကျော်လောက်က သိမ်း လိုက်တာ” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ စစ်ကောင်စီ စခန်းက စစ်ကောင်စီ ခမရ ၁၂ က တပ် အထိုင်ချထားတဲ့ တပ်စခန်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက် မနက် အစောပိုင်းကတည်းက KIA တပ်မဟာ ၉ နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။
“ဖားကန့် ဗျူဟာရဲ့ အဓိက လုံခြုံရေး ယူပေးတဲ့ လမောင် ရှေ့တန်း ကာကင်း စခန်းကြီးကို မနေ့က မနက် ၉ နာရီ ကျော်လောက်က အပြီး သတ် သိမ်းလိုက်ပြီ။ ဩဂုတ်လ ၁၄ ရက်နေ့ည ကတည်းက တပ်ထဲတော့ ဝင်နိုင်ပေမယ့် မိုးချုပ်သွားလို့ မနေ့က မနက်မှ အပြီးသတ် ရှင်းလိုက်တာ။” လို့ နောက်ထပ် ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောပါတယ်။
လမောင် စစ်ကောင်စီ တပ်စခန်းကုန်းက အမြင့်ဆုံး တောင်ကုန်းမှာ အထိုင်ချထားတာ ဖြစ်ပြီး စခန်းသိမ်းချိန် စစ်ကောင်စီ သုံ့ပန်း အရှင်တွေလည်း ၁ ဦးကျော် ဖမ်းမိထားတယ်လို့ သူက ပြောပါတယ်။
လမောင်နဲ့ တောမှော် စစ်ကောင်စီ စခန်း သိမ်းလိုက်နိုင်တာကြောင့် ဖားကန့် စစ်ကောင်စီ ဗျူဟာတော့ အေးအေးဆေးဆေး နေလို့ ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဖားကန့် လမောင်နဲ့ တောမှော် စစ်ကောင်စီ စခန်း လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီက KIA ဌာနချုပ် ရှိရာ လိုင်ဇာဘက် ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိပြီး ကျရောက်ပေါက်ကွဲတဲ့ နေရာ အတိအကျ မသိရပဲ ဗုံးစတွေ နေရာ အနှံ့ လွင့်စင်လာတာရှိကာ မြေပြင်ထိခိုက်မှုတွေကိုတော့ ဘာမှ မကြားရဘူးလို့ လိုင်ဇာ ဒေသခံတွေက ပြောပါတယ်။
ဖားကန့် အနီး တဝိုက်က စစ်ကောင်စီ တပ်စခန်း အများစုကို ပြီးခဲ့တဲ့ လပိုင်းက KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။
CJ-008









