မဲခေါင်၊ သြဂုတ် ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒဏ်ရာသူ ၄၅ ဦးနဲ့ မိသားစုဝင် ၂၈၆ ဦးကို MNDAA က SSPP ကို ကြားခံထားပြီး စစ်ကောင်စီထံ ပြန်လွှဲပေးတယ်လို့ သိရပါတယ်။
လားရှိုးမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိ စစ်သုံ့ပန်း ၂ ထောင်ကျော်အနက် မိသားစုဝင် ၂၈၆ ဦးနဲ့အတူ ဒဏ်ရာ ၄၅ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို မနေ့ သြဂုတ်လ၁၁ ရက်မှာ MNDAA နဲ့ PDF တပ်ပေါင်းစုက စစ်ကောင်စီထံပြန်လွှဲပေးတာလို့ သိရပါတယ်။



“၄၅ ဦးက အပြင်းအထန် ဒဏ်ရာရထားသူတွေပါ၊ လူသာချင်းစာနာမှုအရ လွှဲအပ်ပေးတာ” လို့ PDF တပ်ပေါင်းစု ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။
အဆိုပါ လွှဲပြောင်းပေးအပ်သူ ၃၃၁ ဦးကို SSPP က တဆင့် ပူးပေါင်းချိတ်ဆက်ပြီး လွှဲပြောင်းပေးတာလို့ သိရပါတယ်။ SSPP ကတော့ ယင်းကိစ္စနဲ့ပတ်သက်ပြီး သီးခြားသတင်းထုတ်ပြန်တာ မရှိသေးပေမယ့် လားရှိုးက စစ်ရှောင် ၇၀၀ ဦးကို မိုင်းရယ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ရှမ်းဘာသာနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။
MNDAA နဲ့ PDF တပ်ပေါင်းစု ဟာ လားရှိး တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် တွေကို သြဂုတ်လ ၆ ရက်က စပြီး ပြန်လွှတ်ပေးခဲ့တာ ယနေ့အထိ စုစုပေါင်း ၁၈၀၇ ဦးရှိပြီလို့ သိရပါတယ်။
MK-012








