မဲခေါင်၊ ဩဂုတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တိုက်ပွဲအတွင်း သေလုမျောပါး ဖြစ်ပြီး ပစ်ထားခံရတဲ့ စစ်ကောင်စီတပ်သား ၁၃ ဦးကို ကိုးကန့်တပ်မတော် (MNDAA)က ကယ်တင်ထားတယ်လို့ ထုတ်ပြန်လာပါတယ်။
လားရှိုးမြို့၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ)ကို ဩဂုတ် ၈ ရက်နေ့က MNDAA တပ်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာ ဘန်ကာအောက်မှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁၃ ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်သားတွေဟာ ရက်အတော်ကြာ အစာရေစာပြတ်လပ်နေပြီး အအေးမိ ဖျားနာတာနဲ့ အနာပိုးဝင်တဲ့ အခြေအနေတွေ ကြုံတွေ့နေရတာကြောင့် နောက်တန်း ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်ပြီး ရှေးဦးသူနာပြုစုနည်းတွေနဲ့ အရေးပေါ်ကုသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနောက်မှာ နောက်တန်းက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပျောက်ကင်းတဲ့အထိ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒဏ်ရာရ တိုင်းရင်းသား လက်နက်ကိုင်တပ်(EROs)တွေကို အကာအကွယ် မပေးနိုင်ရုံတင်မကဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး နေ့စဉ်နဲ့အမျှ အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ ရမခကို သိမ်းပိုက်ပြီးနောက် MNDAA က စစ်သုံ့ပန်းမိသားစုဝင်တွေကို နေရပ်ပြန်ပို့ပေးတာ၊ ကျန်းမာရေး စောင့်ရှောက်ပေးတာတွေအပြင် စစ်ပွဲအတွင်း ပစ်ထားခံရတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှာဖွေပြီး ကယ်တင်ပေးနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
MK-014












