မဲခေါင်၊ သြဂုတ် ၁၀
ရှမ်းပြည်အရှေ့ပိုင်းကို မြန်မာပြည်အရပ်ရပ်က လာတဲ့ သူတွေထဲက ရှမ်းမြောက်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ပြီးခဲ့တဲ့ သြဂုတ်လ၇ရက်နေ့ကစပြီး စစ်ဆေးရေးတင်းကြပ်နေတာလို့ ခရီးသွားသူတွေထံက သိရပါတယ်။
ခရီးသည်ကားတွေမှာ အဓိက ရှမ်းမြောက်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ တအာင်းပလောင်၊ ကိုးကန့်နဲ့ ရခိုင်တိုင်းရင်းသားတွေကို ဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ ကုန်စည်သယ်ဆောင်ခွင့်တွေမပြုဖို့ တားမြစ်ချက်သတင်းတွေ ပြန့်လွင့်လာပြီးနောက် ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေများလာတာလို့ သိရပါတယ်။
“ဟုတ်တယ် မနေ့ကပဲ ရှမ်းမြောက်မှတ်ပုံတင်နဲ့စစ်ရှောင်တွေ ရှမ်းအရှေ့သွားချင်တာ လမ်းမှာ ပြန်လွှတ်မှာ စိုးလို့မတင်ရဲခဲ့ဘူး၊ တာကော်၊ တာဆန်းဂိတ်တွေက မတင်လာဖို့ပြောတယ်”လို့ ရှမ်းတောင်ကနေ ရှမ်းအရှေ့ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်ငယ်လိုင်းက ယာဉ်မောင်း တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှမ်းတောင်နဲ့ ရှမ်းမြောက် ဘက်ကလာတဲ့ ခရီးသည်တွေကို အဓိက စစ်ဆေးတဲ့ နေရာတွေမှာ ကျိုင်းတုံ ဘက်မှာ တာကော် သံလွင်မြစ်ကူးတံတား စုပေါင်းဂိတ် ဖြစ်သလို မိုင်းတုံ၊ မိုင်းဆတ်ဘက်မှာ တာဆန်းသံလွင်မြစ်ကူးတံတား စုပေါင်းဂိတ်တွေမှာ စစ်ဆေးတာတွေတင်းကြပ်နေပြီး လတ်တလောမှာ ရှမ်းမြောက် မှတ်ပုံတင်နဲ့ ကိုးကန့်၊ တအာင်းပလောင်၊ ရခိုင်တိုင်းရင်းသားတွေ ကို ဖြတ်သန်းခွင့်မပေးဘူးလို့ သိရပါတယ်။
“ကျနော်က မြောက်ပိုင်းနေတာ၊ သစ်သီးကားတွေမောင်းနေတာ၊ ရှေ့မှာ ဘာမှ မဖြစ်ဘူး၊ မနေ့က တာကော်မှာ မဖြတ်ရဘူးပြောလို့ပြောတယ် အရင်ထဲက မိုင်းလားအထိ သွားနေကျလို့ပြောတာကို နေ့တပိုင်းလောက်ကြာမှာ သွားခွင့်ရတယ်၊ ဘာတွေဖြစ်ကုန်တာလဲမသိဘူးဗျာ”လို့ မူဆယ်မှာနေတဲ့ သစ်သီးကားမောင်းသူ တစ်ဦးက ပြောပါတယ်။
ရှမ်းအရှေ့ကို စစ်ရှောင်တာဖြစ်စေ၊ ပြည်ပကို အလုပ်အကိုင်သွားရောက်လုပ်ကိုင်ဖို့လာတာဖြစ်စေ တာချီလိတ်မြို့ကို အဓိက လာရောက်ကြသူတွေထဲမှာ ရခိုင်နဲ့ပြည်မအလယ်ပိုင်းက အလာများသလို အခု ရှမ်းမြောက်က စစ်ပွဲတွေကြောင့် လာရောက်သူတွေ များပြားလာနေတာမှာ စစ်ကောင်စီက နယ်မြေဒေသခွဲခြားပြီး ကန့်သတ်တားမြစ်လာတာ ဖြစ်ပါတယ်။
တောင်ကြီးကနေ ကျိုင်းတုံကို ၂၈၂ မိုင်ဝေးကွာပြီး သံလွင်မြစ်ကိုကူးတဲ့ တာကော်တံတားမှာ ရှမ်းအရှေ့ အဝင်အထွက်ကို စစ်ကောင်စီကစစ်ဆေးတာဖြစ်ပြီး တောင်ကြီးကနေ ၂၂၀ မိုင် ကွာဝေးတဲ့ မိုင်းတုံ ဘက်မှာတော့ သံလွင်မြစ်ကူးတံတား တာဆန်းမှာ စစ်ကောင်စီစုပေါင်းဂိတ်က အဝင်အထွက် စစ်ဆေးတာဖြစ်ပါတယ်။
MK-012








