မဲခေါင်၊ သြဂုတ် ၅
လားရှိုးအကျဉ်းထောင်က လွတ်မြောက်လာတဲ့ တအာင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သြဂုတ်လ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်က MNDAA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ လားရှိုးထောင်ကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ၁၀ ရက်အကြာမှာ ခုလို လွှဲပြောင်းပေးအပ်လိုက်တာလို့ TNLA ဘက်က ထုတ်ပြန်ပေမယ့် MNDAA ဘက်က လားရှိုးထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေအပါအဝင် အခြားအကျဉ််းသားတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။
TNLA ကို လွှဲပေးလိုက်တဲ့ တအာင်းလူမျိုး ၁၁၈ ဦးထဲမှာ နိုင်ငံရေးပုဒ်မအကျုံးဝင်တဲ့ မတရားအသင်းပုဒ်မ ၁၇/၁ ၅ ဦး၊ မသင်္ကာမှု ၁၅ ဦး၊ လောင်းကစားမှု ၁ ဦး၊ အရေးပေါ်မာရှယ်လော ၃ ဦး၊ ရဲပြေးနဲ့လဝကအမှု ၄ ဦး၊ ဓားပြမှု ၂ ဦးနဲ့ လူကုန်ကူးမှု ၂ ဦး၊ မူးယစ်ဆေးဝါးမှု ၈၆ ဦးတို့ပါဝင်ပါတယ်။

TNLA အုပ်ချုပ်ရေးဌာနက ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးတာ၊ ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူတာတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
လားရှိုးအကျဉ်းထောင်က လွတ်မြောက်ပြီးပေမယ့် မိသားစုထံ မရောက်သေးသူ တအာင်းနိုင်ငံရေး အကျဉ်းသားတွေအတွက်လည်း မဟာမိတ် MNDAA ထံ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။
လားရှိုးက နိုင်ငံရေးအကျဉ်းသားတွေအနက် NLD ဒုဥက္ကဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်လာမလာကို မဲခေါင်က ဆက်သွယ်စုံစမ်းလို့ မိသားစုဝင်တွေဆီက အဆက်အသွယ်ရတယ်လို့သာ သိရပြီး နောက်ဆက်တွဲ အခြေအနေကို အခုထိ မသိရသေးပါဘူး။
မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေသာမက ပြည်သူတစ်ရပ်လုံးကပါ TNLA ကို လွှဲပေးတဲ့ အသေးစိတ်အချက်အလက်တွေကို MNDAA က နိုင်ငံရေးအကျဉ်းသားတွေ အခြားအမှုတွေကို ထုတ်ပြန်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်`လို့ မန္တလေးအခြေစိုက် အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသား များကွန်ရက် (FPPN-upper Burma) က အဖွဲ့ဝင် ၁ ဦးက ပြောသလို ရှမ်းအရှေ့နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့လည်း FPPA-ESS ကလည်းမေတ္တာရပ်ခံထားပါတယ်။
အခြားသတင်းတွေအရ လားရှိုးထောင်မှာ အကျဉ်းသား ၂၇၀၀ ကျော် ရှိခဲ့ပြီး လွတ်မြောက်သူ ၁၉၀၀ ကျော်ပဲရှိခဲ့ရာမှာ အကျဉ်းသား ၈၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် သက်ဆိုင်သူမိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြပြီး MNDAA က ထုတ်ပြန်မယ့်အသေးစိတ် သတင်းအချက်အလက်တွေကို စောင့်နေကြပါတယ်။
MNDAA အနေနဲ့ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ လူမှုရေးကူညီသူ ၂ ဦးကို ညှဉ်းဆဲသတ်ဖြတ်ရာက ကယ်တင်ခဲ့သလို စစ်တပ်ရာထူးကြီးတွေက စွန့်ပစ်သွားခဲ့တဲ့ စစ်ကောင်စီဒဏ်ရာရသူနဲ့မိသားစုဝင် ၄၇၀ ကျော်ကို ကူညီကယ်ဆယ်ပေးခဲ့တာတွေကို အကျယ်တဝင့် သတင်း ထုတ်ပြန်ထားပါတယ်။
MNDAA နဲ့ BPLA ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ လားရှိုးမြို့က စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်တဲ့ ရမခကို သြဂုတ်လ ၃ ရက်က သိမ်းပိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လက်ကျန်တပ်တွေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
MK-012








