မဲခေါင်၊ ဇူလိုင် ၃၁
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးကို တန့်ယန်းကနေ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ကား ၇ စီး ချေမှုန်းတိုက်ခိုက်ခံရလို့ ၃၀ ကျော်သေပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဇူလိုင်လ ၃၀ ရက်မှာ လားရှိုးကို တန့်ယန်း-လွယ်မော်-နမ့်ပေါင်လမ်းအတိုင်း စစ်ကူသွားတဲ့ ကား ၈ စီးကို MNDAA နဲ့ BPLA တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာများပြားခဲ့သလို ၆၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီ စစ်ကူယာဥ်တန်းမှာ အင်အား ၄၀၀ ကျော်ပါပြီး တန့်ယန်းကနေ လားရှိုးမြို့နယ်၊ နမ့်ပေါင်ဘက်ကိုလာစဥ် မန်ပန်နဲ့ ဟိုနားကျေးရွာကြားမှာ ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့ညအစောက ကား ၂ဝကျော်ကတော့ ကိုးကန့်တပ်တွေ မတိုက်ခင် လားရှိုးကိုရောက်သွားလို့ လွတ်သွားတာ၊ အခုကတော့ မနက်အစောပိုင်း ထပ်လာတဲ့ ဒီကားတွေ မိတာ” လို့ စစ်ရေးအရင်းအမြစ်က မဲခေါင်ကို ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စကခ-၁၈ (မိုင်းဖြတ်)က တပ်အချို့ပါဝင်တဲ့ အင်အား ၁ ထောင်ခန့်ဟာ မိုင်းကိုင်-မိုင်းရယ်- တန့်ယန်းလမ်းကြောင်းအတိုင်း ပထမအသုတ် ကားစီးရေ ၂၆ စီး၊ ဒုတိယအသုတ် ၈ စီးတို့လာရောက်နေကြောင်း သတင်းတွေရရှိခဲ့ပြီးနောက် ယင်းစစ်ကူ ကားတွေထဲက ၈ စီးကို တော်လှန်ရေးတပ်တွေက ချေမှန်းလိုက်တာပဲဖြစ်ပါတယ်။
MK-012








