မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် အင်အားဖြည့်တင်း နေတယ်လို့ စစ်ကားလှုပ်ရှားမှု အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မနေ့ (ဇူလိုင် ၂၉) မနက်ပိုင်းလောက်မှာ ရမည်းသင်းသင်တန်းကျောင်းက စစ်မှုထမ်းသင်တန်းဆင်း အယောက် ၃၀၀ ကို မိတ္ထီလာထောက်ပို့တပ် (ရထပ) က စစ်ယာဥ်တန်း အစီးရေ ၅၀နဲ့ အရပ်ဘက်တွဲကားပုံစံ အသုံးပြုပြီး မိတ္ထီလာကနေတဆင့် တောင်ကြီး၊ နမ့်စန်တကြောကနေ ပို့ဆောင်နေတာဟာ လက်ရှိ တန့်ယန်းမြို့ကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။
“လက်ရှိတန့်ယန်းမှာရောက်နေပြီ။ တန့်ယန်းမှာတော့ တိုက်ပွဲမဖြစ်ဘူး။ သူတို့က လားရှိုးပြန်ထိုးဖို့အတွက် မိတ္ထီလာကနေတဆင့် အင်အားတွေပို့မယ်လို့တော့ သိရပါတယ်” လို့ တန့်ယန်းမှာရောက်ရှိနေတဲ့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
တစ်စီးကို စစ်အင်အား ၄၀ နဲ့ ၅၀ ကြား ပါရှိပြီး စစ်ကားတွေအပြင် တရုတ်ဆယ်ဘီးကား အပြာရောင် ၁၀ စီး နဲ့ ထောက်ပို့အိမ်စီးကား ၆ စီး ပါဝင်တယ်လို့ လေ့လာစောင့်ကြည့်နေသူတစ်ဦးက အတည်ပြုပါတယ်။
လူအင်အား ၃၀၀ ဝန်းကျင်နဲ့ချီတက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှုးက ဦးစီးကွပ်ကဲပြီး အများစုက စစ်မှုထမ်းခေါ်ယူထားတဲ့ လူငယ်တွေလို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိတန့်ယန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၂ ဖက်လုံး တပ်စွဲထားပြီး UWSA ကတော့ ဘယ်ဘက်မှမပါဘူးလို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးဆီက သိရပါတယ်။
အလားတူ ဒီနေ့ (ဇူလိုင် ၃၀) မနက် ၉ နာရီမှာလည်း တန့်ယန်းမြို့ကို ပို့ဆောင်ဖို့အတွက် မိတ္ထီလာမြို့က ထွက်လာတဲ့ စစ်ကား ၁၁ စီးဟာ တောင်ကြီးမြို့ကို ရောက်ရှိနေပြီလို့ ဖြတ်သွားဖြတ်လာတွေ့ရှိသူတွေက ပြောပါတယ်။
MK-015
ပုံဟောင်းကို အသုံးပြုထားပါသည်။








