မဲခေါင်၊ ဇူလိုင် ၂၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့ ဇူလိုင် ၂၅ မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
မနေ့ ဇူလိုင် ၂၄ ရက် ညနေ ၅ နာရီကတည်းက စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ ခြေလျင်တပ်ရင်း (ခလရ) ၇၈၊ ၈၈၊ ၁၄၈ ဗျူဟာမှူး အခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်ရဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃) လက်၊ 120 MM (၂) လက်၊ 60 MM (၁၁) လက်၊ 81 MM (၁) လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁) လက်၊ RPG (၂) လက်၊ ဂျမ်းပါ (၁) စုံ၊ တွဲလိုက်ဒုံး (၄လုံးတွဲ) (၁) လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ လက်နက်မျိုးစုံ (၂၀၀) ကျော်နဲ့ စစ်သုံ့ပန်း (၃၀)ကျော်ကို ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


မိုးကုတ်မြို့နယ်ရှိ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင် ၂၄ ရက်နေ့အထိ ၁ လကြာ တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ မိုးကုတ်အနောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ မန်တိုင်(၅) တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးတို့ကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ မိုးကုတ်တပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၁) ကြိမ်၊ Y12 လေယာဥ် (၉) ကြိမ်၊ လက်နက်ကြီး (၇၈) ကြိမ်နဲ့ အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့ပြီး မိုးကုတ်ဒေသခံ ကျား(၁၄) ဦး၊ မ (၈) ဦး၊ ကလေး (၉) ဦး သေဆုံးခဲ့ကာ (၅၉) ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၄) ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးပြီး လူနေအိမ် (၂၉) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
TNLA က ၁၀၂၇ ရှမ်း-မန်းစစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချိုမြို့ကို ဇူလိုင် ၁၀ ရက်မှာ ပထမဦးဆုံး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၄ ရက်မှာတော့ မိုးကုတ်မြို့ဟာ ဒုတိယသိမ်းပိုက်နိုင်တဲ့ မြို့အဖြစ် အလုံးစုံထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
MK-015












