မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ NDAA ဟာ မိုင်းယောင်းမြို့အနီးထိ ဝင်ရောက်နေရာယူပြီး စစ်ကောင်စီတပ်တွေကို နေရာဖယ်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
NDAAမိုင်းလားတပ်တွေဟာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း နယ်မြေလုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစည်းအဖြစ်သတ်မှတ်ထားတဲ့ နမ့်လွေချောင်းကို ကျော်လွန်လာပြီး မိုင်းယောင်းမြို့နယ်အတွင်း ဝင်ရောက်တပ်စွဲလှုပ်ရှားနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုဆို မိုင်းယောင်းမြို့နဲ့ ၂ မိုင်အကွာထိ မိုင်းလားတပ်တွေရောက်နေတယ်၊ စိုးမိုးကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ခိုင်းနေတယ်လို့ကြားတယ်”လို့ သူက ဇူလိုင်လ ၂၄ရက်မှာ ပြောပါတယ်။
NDAA မိုင်းလားတပ်တွေဟာ အစပိုင်းက မိုင်းယောင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လိုအပ်တဲ့ ဆေးခန်းနဲ့ စာသင်ကျောင်းအဆောက်အဦးတွေကို ဆောက်လုပ်ပေးခဲ့ပြီး စစ်ကောင်စီ အခြေစိုက်တပ်တွေနဲ့ ပူးပေါင်းကာ နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းပတ်ကင်းတွေလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကို နေရာဖယ်ခိုင်းနေတာ ဖြစ်ပါတယ်။
မိုင်းယောင်းမြို့နဲ့ မိုင်းအနည်းငယ်ကွာတဲ့ NDAA ဧရိယာနဲ့ ဆက်သွယ်ထားတဲ့ မိုင်းယုမြို့က တံတားကတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ဒေသတွင်းလိုအပ်တဲ့ ကုန်သွယ်ရေးတွေလုပ်နေဆဲဖြစ်တယ်လို့လဲ သိရပါတယ်။
မိုင်းယောင်းမြို့နယ်ရဲ့ တစ်ဖက်ခြမ်း NDAA မိုင်းလားတပ်ဖွဲ့ပိုင် ဧရိယာမှာ နမ့်ပန်မြို့နယ်ဖြစ်ပြီး မယ်ခေါင်မြစ် စွတ်လွှေဆိပ်ကမ်းဟာ မိုင်းလားတပ်ဖွဲ့နဲ့ UWSA “ဝ”တပ်ဖွဲ့တို့ရဲ့ အချက်အချာကြတယ့် ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွင်းမှာ စစ်ကောင်စီနဲ့ မိုင်းလား အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA) ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့် မိုင်းလားဧရိယာအတွင်း UWSA”ဝ”တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ဝင်ရောက်ပြီးတပ်စွဲခဲ့တာတွေရှိခဲ့ပြီး ရှမ်း/ရှေ့ဒေသအတွင်း တင်းမာမှုတွေရှိခဲ့ပါတယ်။
မိုင်းယောင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အခြေချ စစ်ဗျူဟာတပ်တွေအပြင် ရှမ်းတပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေပါ ရှိနေပြီး အခုနောက်ပိုင်း မိုင်းလားတပ်ဖွဲ့ NDAA တပ်တွေပါ ဝင်ရောက်တပ်စွဲလာတာဖြစ်တယ်လို့ သိရပါတယ်။
MK-002








