မဲခေါင်၊ ဇူလိုင် ၅
ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။
ယနေ့ဇူလိူင်လ ၅ ရက်နေ့မှာ လားရှိုးက ထွက်လာတဲ့ ရာချီတဲ့ကားတွေဟာ လားရှိုး-စဉ့်အင်-ပန်ညု-နမ့်လန်-ကျောက်ဂူ-နောင်ချို-ဘန့်ဘွေး သို့မဟုတ် ရွာငံ-ပြင်ဦးလွင်-မန္တလေး လမ်းအတိုင်း စစ်ဘေးရှောင်လာကြတာမှာ စဉ့်အင်ဖောင်ဆိပ်မှာ ခုလိုငွေကြေး များစွာပေးပြီး ဖောင်ကူးနေရတာဖြစ်တယ်လို့ သိရပါတယ်။
“ကျမတို့ မနေ့က မနက် ၁၁ နာရီကတည်းက ရောက်တယ်၊ ည ၇ နာရီမှာ ဖောင်ပေါ်ရောက်တယ်၊ အစောင့်စစ်သားက ပေးမကျော်ဘူး၊ ဘုန်းဘုန်းကိုပြောလို့ ဘုန်းဘုန်းကိုယ်တိုင်မောင်းပို့လိုက်တဲ့ ဆရာဝန်မိသားစု ကား ၂ စီး”လို့ စစ်ဘေးရှောင် မိသားတစ်စုထံက သိရပါတယ်။
အခြားသူ တစ်ဦးကတော့ ကိုယ်တက်မယ့် အလှည့်မှာ ဘုန်းကြီးက VIP ဆိုပြီး တရုတ်မိသားစု ၂ ခန်းတွဲကားကို ပေးကူးလိုက်တာ လို့ပြောပါတယ်။
ပုံမှန်အားဖြင့် ဖောင်ကူးခမှာ အိမ်စီးကားငယ် ၁ စီး ကျပ် ၂ သောင်းသာ ရှိကာ ယခုလို ပြည်သူတွေ အသက်ဘေးနဲ့ အတိဒုက္ခရောက်ပြီးပြေးလွှားနေရချိန်မှာ ငွေတတ်နိုင်တဲ့သူတွေက ကား ၁ စီး ကျပ် ၅ သိန်းပေးပြီး ကျော်တက်ကာ ငွေနဲ့ အခွင့်ထူးခံယူနေကြတာလို့ သိရပါတယ်။
တချို့စောင့်ဆိုင်းနေရတဲ့ ကားတွေပေါ်မှာ သက်ကြီးရွယ်အိုတွေ နာတာရှည်မကျန်းမာသူတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်သည်တွေကို ငဲ့ညှာဖို့လိုတယ်လို့ ပြောဆိုနေကြကာ လက်ရှိမှာ အတက်ကား မရှိတဲ့အတွက် အဆင်းကား စီးရေ ၃၀၀ ကျော် တန်းစီ စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။
ပုံ-ပုံဟောင်း
MK-012








