မဲခေါင်၊ ဇူလိုင် ၄ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့ ၊ ရပ်ကွက် ၉၊ နယ်မြေ ၃က နေအိမ်တစ်ခုမှာ ဒီနေ့ ဇူလိုင် ၄ ရက်နေ့ မနက်မှာ လက်နက်ကြီးကျလို့ သားအမိ ၂ ယောက်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင်၃ ရက်နေ့တစ်ရက်အတွင်းမှာ လားရှိုးမြို့ရပ်ကွက် ၁မှာ ရှော့တိုက်ဒုံးကြောင့် မိသားစု ၆ဦးသေဆုံးခဲ့ပြီး နမ့်ပေါင်ကျေးရွာမှာ လက်နက်ကြီးကျပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
“ဒီမနက်အစောမှာ လက်နက်ကြီးတွေ ရှော့တိုက်ဒုံးတွေကျနေတယ် သားအမိနှစ်ယောက်လည်း ပွဲချင်းပြီးသေတယ်။ ကျနော်တို့လည်း ထွက်ပြေးတိမ်းရှောင်ဖို့ပြင်နေတော့ သွားမကြည့်အားဘူး၊ အိမ်နေရင် အသက်တောင်မရှူရဲဘူး ၊ ဘယ်အချိန် အိမ်ပေါ်လက်နက်ကြီးကျမှာလဲ တွေးရင်းနဲ့ အိပ်နေရတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား မနေ့ဇူလိုင် ၃ ရက်နေ့ အနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲပါ။
လားရှိုးမှာ မပေါက်သေးတဲ့ရှော့တိုက်ဒုံးတွေရှိပြီး လူနေအိမ် ၃၀နီးပါး ထိခိုက်ပျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
MK-011











