မဲခေါင်၊ ဇွန် ၂၅
ရှမ်းမြောက်၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်နေတယ်လို့ ကျောက်မဲမြို့နေ ပြည်သူတွေက ပြောကြားပါတယ်။
ကျောက်မဲမြို့ အခြေစိုက် စကခ(၁)ကုန်းနဲ့ ဘေးတပ်ရင်းတွေဖြစ်တဲ့ ခမရ(၅၀၁)၊ ခမရ(၅၀၂)တွေမှာ တိုက်ခိုက်နေတဲ့ လက်နက်ပေါင်းစုံ အသံကြားရတယ်လို့ ကျောက်မဲမြို့ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
“ညကတည်းက လက်နက်ငယ်သံ ဖျောက်ဖျောက်ကြားတယ်၊ မြို့အရပ် ၈ မျက်နှာလုံးပိတ်ထားပြီး၊ မန္တလေးလမ်းဘက်လဲ TNLA ကကားလမ်းမှာ တာယာတွေချပြီး ပိတ်ထားပြီ၊ လက်နက်ကြီးသံတွေ သိပ်မကြားရသေးဘူး၊ လက်နက်ငယ်နဲ့ အခြားပေါက်ကွဲသံတွေတော့ မနက်ကနေ ခုထိ ပစ်နေဆဲပဲ၊ မနက်ပိုင်းတက်တဲ့ ဘုံကျောင်း၊ ခရစ်ယန်ကျောင်းတွေပိတ်ကုန်တယ်၊ စျေးလဲ အကုန်လူစုကွဲပြီး ပိတ်ကုန်ပြီ၊ မြို့လူထုကတော့မြို့ကို တိုက်တာမဟုတ်ဘဲ စစ်တပ်နေရာတွေကိုပဲတိုက်တာမို့လို့ လောလောဆယ်မှာ သိပ်ကြောက်ပုံမရကြဘူး၊ တခုထူးတာက “၀”ယူနီဖေါင်းနဲ့ တချို့တပ်ဖွဲ့ဝင်တွေကို တွေ့ရတာပဲ”လို့ မဲခေါင်သတင်းဌာနကိုပြောပါတယ်။
လက်ရှိအချိန်အထိ ကျောက်မဲရဲခရိုင်ရုံးနဲ့ စကခကုန်းဘက်မှာတိုက်ပွဲပြင်းထန်နေသော်လည်း တော်လှန်ရေးဘက်က ပစ်ခတ်သံကများနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်သံ နည်းနေတယ်လို့ပြောပါတယ်။
ယနေ့မနက် ၈း၁၅ အချိန်မှာ ကျောက်မဲ တိုးဂိတ်အနီး ခြံဝန်းအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရသိရပါတယ်။
ကျောက်မဲမြို့ရဲ့ စခန်းသာ၊ ညောင်ပင်ကုန်းနေရာတွေမှာ TNLA တပ်အင်အားအပြည့် နေရာယူထားသလို ပြည်ထောင်စုကားလမ်းတောင်ခြမ်းဘက်မှာတော့ SSPP/SSA တပ်များနေရာယူထားသည်မှာ ဂုတ်တွင်းထဲအထိလို့ သိရပါတယ်။
နောင်ချိုဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပေမယ့် အသေးစိတ်အချက်အလက်မရရှိသေးလို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
သီပေါမြို့က ကျောင်းတွေကလေးတွေကိုပြန်လွှတ်နေပြီး မြို့လူထုအနေနဲ့လည်း စစ်ဘေးရှောင်ရန်ပြင်ထားပြီး စဉ့်အင်ဘက်ရွာတွေမှ ဒေသခံများမှာ တောတောင်ကျောက်ဂူများအတွင်းစစ်ဘေးစတင်ရှောင်နေကြပြီလို့ ဒေသသတင်းတွေအရ သိရပါတယ်။
MK-012








