မဲခေါင်၊ ဇွန် ၂၄
ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၂၃ ရက် ညနေ ၃ နာရီခန့်မှာ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ /၂၀၂၄ သင်တန်းဆင်းပွဲ ကို ညောင်ရွှေမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဗျူဟာစခန်းနဲ့ အနီးဆုံးနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပျားစစ်ကြောင်းမှုး ကိုလင်းထံကသိရပါတယ်။



“သင်တန်းက ၂ လကြာတယ်ဗျ၊ သင်တန်းသားက ၆၂ ဦးမှာ ရလလဖက ၆ ဦးနဲ့ အပြင်အဖွဲ့က တစ်ဦး ပါတယ်၊ကျနော်တို့ စိုးမိုးနယ်မြေတွေ ထဲမှာ သင်တန်းပေးရင် လူထုကြားထဲ မဆီမဆိုင်လက်နက်ကြီးနဲ့ထုလို့ ရန်သူ့နယ်မြေထဲ သင်တန်း ဝင်လုပ်ရတာပါ”လို့ စစ်ကြောင်းမှူး ကိုလင်းက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
သင်တန်းကာလအတွင်း ပစ်ခတ်စဉ်က အစ ရန်သူ့ဗျူဟာအနီး ရန်သူမထင်မှတ်ထားတဲ့နေရာမှာ သတင်းလုံခြုံရေး၊ အထူးဂရုစိုက်ပစ်ခတ်လေ့ကျင်ခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း ၄င်းတို့စစ်စခန်းဗျူဟာကို လာပစ်တယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။
သင်တန်းမှာ စစ်ကြောင်းလိုက်လှုပ်ရှားချီတက်တာ၊ လက်နက်ငယ်/ကြီးသဘောသဘာဝတွေ စစ်မြေပြင်ကျွမ်းကျင်မှုနဲ့ မြေအနေအထားအသုံးချတတ်ဖို့၊ ထောက်လှန်းရေး၊ လုံခြုံရေး၊ ဆေးပိုင်း လက်တွေက စစ်မြေပြင်လှုပ်ရှားသွားလာမှုတွေအစုံသင်ကြားပေးပြီး သင်တန်းဆင်းရဲဘော်တွေက သက်ဆိုင်ရာတိုက်ခိုက်ရေးအပိုင်းတွေ အများစု တာဝန်ယူသွားမယ်လို့ ပြောပါတယ်။
“လိုတာတွေတော့ အများကြီးပေါ့၊ အဓိကလိုအပ်ချက်ကတော့ လတ်တလောနဲ့အမြဲတမ်း ရိက္ခာနဲ့ လက်နက်ခဲယမ်းပါပဲ၊ အခက်အခဲတွေအများကြီးပေမယ့် အာဏာရှင်ကို အပြတ်ချဖို့ အားလုံးက သိန္ဒိဌာန်ချထားပြီးသားမို့ ပြည်သူက ကူဖို့သာတောင်းဆိုပါတယ်`လို့ ကိုလင်းကပြောပါ တယ်။
ယင်းသင်တန်းဆင်းပွဲအခမ်းအနားကို သင်တန်းစဖွင့်ကတဲက ကြီးကြပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ကဗျာ/စာရေးဆရာ သားသခင်တို့ တက်ရောက်ချီးမြင့်သလို အခြားဖိတ်ကြားထားသူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။
အခန်းအနားမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြည်သူတွေက ပေးအပ်လှူဒါန်းလာတဲ့ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ကျည်ကာဦးထုပ် အလုံး ၂၀ ကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပျားစစ်ကြောင်း(Bees Column )ဟာ ရှမ်းတောင်က အခြား PDF တပ်ရင်းတွေနဲ့ ပူးတွဲပြီး စစ်အာဏာရှင်အမြစ်ပြုတ်တိုက်ခိုက်ရေးကိုလုပ်ဆောင်နေတဲ့ တပ်ရင်းဖြစ်ကာ ပြီးခဲ့တဲ့ဧပြီလအတွင်းက စစ်ကောင်စီ ခမရ ၅၃၃ က ၄၀ ကျော်ကို စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ပွဲဝင်ခဲ့မတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။
MK-012








