မဲခေါင်၊ ဇွန် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ယမန်ေန့ ဇွန်လ ၁၈ ရက်နေ့ရော မနေ့ ဇွန်လ ၁၉ ရက်နေ့ ပါ ၂ ရက်ဆက်တိုက် စစ်ကောင်စီက ဒရုန်း၊ ဂျက်ဖိုက်တာ တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး TNLA ဘက်က ထိခိုက် ကျဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေ အရ သိရပါတယ်။
“နေ့လယ် နောင်ချိုဘက် TNLA တွေကို စစ်ကောင်စီတွေက ဒရုန်းနဲ့ ဗုံးလာကြဲသွားတယ်။ တော်တော် ထွက်ပြေးခဲ့ကြရတယ် လို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းရှိရာ ဆမ္မဆယ်ဘက် ရွှေညောင်ပင်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့မှ ဇွန်လ ၁၉ ရက် နေ့လယ် ၁၁ နာရီကျော်ခန့်က တစ်ကြိမ်၊ ၁၁ နာရီ ၃၃ မိနစ်မှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ TNLA ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဆမ္မဆယ်ဘက် စစ်ကောင်စီတွေ ခဏ၊ ခဏ လက်နက်ကြီး ပစ်ထည့်တယ်။ ဒီအနီး ဝန်းကျင်မှာ TNLA ရော PDF တွေရော ပြည့်နေတာပဲ။ စစ်ကောင်စီတွေလည်း ဒီအနီးနားတွေမှာ ရှိတယ်။ စစ်ဆေးရေးတင်းကြပ်တယ်။ စစ်ကောင်စီရဲ့ အဖမ်းခံရသူတွေရှိတယ်။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေ ၃ နာရီခွဲခန့်ကလည်း မိုးကုတ်မြို့နယ်၊ တောင်နီရွာမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ဦးဒဏ်ရာရခဲ့တဲ့ အပြင် လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက် ဖော်ပြထားပါတယ်။
ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းကို ဒရုန်း ဗုံး ၄ လုံးလာရောက်ကြဲခဲ့လို့ TNLA ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရပြီး ၄ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။
စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် TNLA တပ်စခန်းရှိရာဘက် နေ့စဉ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ် နေတဲ့အပြင် PSLF/TNLA ထိန်းချုပ်ရာမြို့ေတွကို ဆက်သွယ်ထားတဲ့ လမ်းတွေ ဖြတ်တောက်ပြီး ကုန်စည်စီးဆင်းမှုေတွကိုလည်း ကန့်သတ်ပိတ်ပင် ထားတယ်လို့ ဆိုပါတယ်။
CJ-008








