မဲခေါင်၊ ဇွန် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် လတ်တလောနေရပ် မပြန်လာကြသေးဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးတောင်းဆိုထားပါတယ်။
ဖယ်ခုံမြို့နယ်ရဲ့ နေရာအများစုမှာ ဇွန်လ ပထမပါတ်ကတည်းက စစ်ကောင်စီနဲ့ကရင်နီတော်လှန်ရေး အင်အားစုတွေကြား မကြာခဏတိုက်ပွဲပြင်းထန်နေတာကြောင့် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ပြီး ထိခိုက်သေဆုံးနိုင်တဲ့အတွက် ဒေသခံတွေ နေရပ်မပြန်ဖို့ သတိပေးထားတာပါ။
“ပြန်လို့မရသေးပါဘူး။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပါတယ်။ လက်နက်ကြီးတွေလဲပစ်နေတယ်။ မြို့ထဲဘယ်နေရာမှာ ကျလဲဆိုတာတော့ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။ သိတဲ့အတိုင်း စစ်ကောင်စီဘက်က ခန့်မှန်းပြီးတော့ ရမ်းသန်းလျှောက်လျှောက်ပစ်တာ၊ မဲမဲမြင် အကုန်ပစ်တဲ့ ပုံစံမျိုးဘဲ။ ရွာတွေဘက်လည်း လျှောက်လျှောက်ပစ်တော့ လူတွေရှိရင် အချိန်မရွေး ထိခိုက်နိုင်လို့ ဒေသခံတွေမပြန်သေးဖို့ ပြောတာပါ။” လို့ ဖယ်ခုံ PDF 1006 တပ်ရင်းရဲ့ တာဝန်ရှိသူ ကိုပီတာက ပြောပါတယ်။
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၃၆၊ ၄၂၁ တို့အပြင် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)တို့က မြို့တွင်းနေရာတွေကို လက်နက်ကြီးနဲ့ ဦးတည်ပစ်ခတ် နေတာလို့ သိရပါတယ်။
ဒါ့အပြင် ဖယ်ခုံမြို့ နေရာအနှံ့အပြားမှာ မြေမြုပ်မှိုင်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး တချို့ရက်တွေမှာလည်း စစ်ကောင်စီရဲ့ လေယာဥ်ပျံဝဲတာတွေ မြင်တွေ့နေရတယ်လို့ ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“ပြည်သူတွေအနေနဲ့ ပြန်ချင်ပြီဆိုတာ ကျနော်တို့ နားလည်သဘောပေါက်တယ်။ သူများ မြို့ရွာတွေမှာလည်း စစ်ဘေးရှောင်ရတာက အဆင်မပြေဘူးဆိုတာ ကြားနေရတယ်ပေါ့နော်။ ဒါပေမဲ့ ပြန်လာခဲ့ရင်လည်း ဒီမှာက အသက်အာမခံပေးလို့ မရသေးဘူး။ လုပ်စားကိုင်စားဖို့လည်း မရှိသေးဘူး။ ခဏလောက်တော့ တောင့်ခံထားကြဖို့ ပြောချင်တယ်” လို့ ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မေလ နောက်ဆုံးပတ်ကတည်းက အင်အား ၅၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ စတဲ့ မြို့နယ် ၃ ခုကို တပြိုင်နက် စစ်ကြောင်းထိုးနေပြီး အဲ့ဒီကနေတဆင့် လွိုင်ကော်မြို့ကို ထပ်မံထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဖယ်ခုံမြို့နယ်မှာ ဒေသတွင်း ကာကွယ်ရေးတပ် (Local PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (MOD) လက်အောက်ခံ PDF တပ်ရင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စစ်ရေးလှုပ်ရှားနေပြီး တပ်ဖွဲ့ပေါင်း ၂၀ ကျော် ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက စုံစမ်းသိရပါတယ်။
MK-015








