မဲခေါင်၊ ဇွန် ၁၇
ရှမ်းမြောက်၊ နောင်ချိုမှာ စစ်ကောင်စီတပ်က ဆမ္မဆယ်၊ သုံးဆယ်၊ ဒိုးပင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် ဒရုန်းနဲ့ပါ ဗုံးကြဲလာတယ်လို့ PSLF/TNLA ပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။
ဇွန်လ ၁၆ ရက် ညနေ ၃နာရီခွဲမှာ စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးကျေးရွာကနေ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုသလို ညနေ ၄ နာရီခန့်မှာလည်း အုမ္မတီးနဲ့ အုမ္မခါးရွာတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီက သုံးဆယ်ကျေးရွာ၊ အမှတ် ၈ ရပ်ကွက်ကို လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ည ၉နာရီနဲ့ ၁၂ နာရီကြားမှာ စစ်ကောင်စီတပ်တွေက မိုးမိတ်က ဒိုပင်ကျေးရွာကို လက်နက်ကြီး ၆ လုံး နဲ့ ဆမ္မဆယ်ရွာဘက်ကို လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းဗုံးချတဲ့အပြင် လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ ဒေသခံတွေ စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၁ရက်ကနေ ယမန်နေ့ ဇွန်လ ၁၆ ရက်အထိ မိုးမိတ်နဲ့ နောင်ချိုမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး ၄လုံးနဲ့ လက်နက်ကြီး ၄၂ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-012








