မဲခေါင်၊ ဇွန် ၁၄
ရှမ်းမြောက်၊ လားရှိုးမြို့ကို TNLA(တအာင်း)တပ်ဖွဲ့တွေ ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပြီးနောက် စစ်ကောင်စီက မြို့အဝင် ကားလမ်းတွေကို မြေတူးစက်နဲ့ ဇွန်လ ၁၃ ရက်နေ့က မြောင်းဖောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ မြောင်းဖောက်ဖျက်ဆီးခဲ့တဲ့ လားရှိးမြို့အဝင် လမ်းတွေကတော့ လားရှိုး-မိုင်းယော်သွားလမ်းနဲ့ ကောင်းဟုန်ရွာအနီးအပြင် နမ့်ဖရွာနဲ့ မန်နားရွာတွေနားက ကားလမ်းနေရာ ၃ ခုကို မြေတူးစက်နဲ့ မြောင်းဖောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
ရှမ်းမြောက် ဒေသတွင်း သွားလမ်းတွေဖြစ်တဲ့ လားရှိုး-မိုင်းလီ-သိန္နီ၊ လားရှိုး-ကောင်းဟုန်-မုန်းယန်း၊ သီပေါ-နမ္မတူကြားတွေမှာ စစ်ရေးအရ မြေတူးပြီးလမ်းဖျက်ထားတဲ့အတွက် ကားတွေသွားလာလို့မရတော့ဘူးလို့ သိရပါတယ်။

လားရှိုးမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်တွေက စစ်ဆေးမှုတင်းကြပ်နေပြီး မနက် ၆ နာရီက ညနေ ၆ နာရီအထိသာ ဝင်ထွက်ခွင့် သတ်မှတ်ပြီး ခွင့်ပြုနေတယ်လို့ သိရပါတယ်။
ရှမ်းမြောက် သွားလာရေးလမ်းကြောင်းတွေအနေနဲ့ လားရှိုး-စဉ့်အင်-သီပေါ-ကျောက်မဲ-မန်းလေး၊ ကွတ်ခိုင်-နမ့်ဖတ်ကာ-နမ့််ခမ်း-မူဆယ်၊သိန္နီ-ကွတ်ခိုင်၊ ကွတ်ခိုင်-တာမိုးညဲ- မုံးစီး၊ လားရှိုး-နမ္မတူ-မန်တုံ-မိုင်းဝီး-နမ့်ခမ်း၊ နမ္မတူ-မိုင်းမော-မုန်းပါ-ကာလိုင်-ကွတ်ခိုင်၊ ၁၀၅ မိုင်-ပန်ဆိုင်း-မုံးကိုး-ဖောင်းဆိုင်-မုန်ယာ-မုံးစီး တို့ကိုသွားလာလို့ရနေသေးပေမယ့် မြေပြင်အခြေအနေကို သေချာစုံစမ်းပြီးသွားလာကြဖို့ ကားသမားတွေနဲ့ဒေသခံတွေဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီဟာ လားရှိုးမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်ကြောက်လန့်နေပြီး မြို့အဝင်/ထွက် လမ်းတွေကို ဖြတ်တောက်နေတာလို့ TNLA(တအာင်း)တပ်ဖွဲ့ က ပြောပါတယ်။
အခုလို လမ်းပိုင်းတွေ ဖျက်ဆီးတဲ့ လုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ကြန့်ကြာခက်ခဲကာ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ပိုမိုဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။
MK-012








