မဲခေါင်၊ ဇွန် ၁၃
ရှမ်းတောင်၊ မိုင်းကိုင်မြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ မနေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ SSPP Infor မှာ ရှမ်းဘာသာနဲ့ဖော်ပြလာပါတယ်။
ဇွန်လ ၁၂ ရက်၊ မနက်ပိုင်း က SSPP တပ်ဖွဲ့ဝင်တွေ မိုင်းကိုင်မြို့နယ်အတွင်း ကင်လှည့်နေစဉ်မှာ တုံလောင်းရွာအနောက်ဘက် ဖောင်းဆိုင်ရွာအနီးမှာ RCSS တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ထိတွေ့ပစ်ခတ်မှုမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး RCSS က ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်၊ SSPP ဘက်က အထိအခိုက်မရှိခဲ့ပေမယ့် RCSS ဘက်က စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိတယ်လို့ ယနေ့ ဇွန်လ ၁၃ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြလာတာတွေ့ရပါတယ်။
SSPP စစ်ကြောင်း၊ ယာဉ်တန်းနဲ့တပ်ဖွဲ့ဝင်တွေ ကို RCSS က မေလနဲ့ဇွန်လအတွင်း ၇ ကြိမ်ခန့် ချောင်းမြောင်း၊ ပစ်ခတ်၊ မိုင်းဆွဲတာတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အခု နှစ်ဘက်တပ် ထိတွေ့မှုထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။
အလားတူ မနေ့က နေ့လည်ပိုင်း ၂ နာရီ ၁၅ မိနစ် ခန့်တွင် မိုင်းကိုင်မြို့နယ်၊ မိုင်းယွန်းအုပ်စု၊ ဝမ်နောင်ပတ် ကျေးရွာလမ်းမှာ RCSS ကဆွဲမိုင်း ၃ လုံးနဲ့တိုက်ခိုက်လို့ SSPP တပ်ဖွဲ့ဝင် ၁ ဦး ခြေထောက်မှာ မိုင်းထိဒဏ်ရာရရှိခဲ့ပြီး ကားမှာအနည်းငယ်ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ရှမ်းလက်နက်ကိုင်တပ် ၂ တပ်ဟာ စတင်တည်ထောင်စဉ်က တော်လှန်ရေးအတွက် ပေါက်ဖွားခဲ့တဲ့ သမိုင်းကောင်း ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်လျှောက်လုံးတိုက်ခိုက်လာခဲ့တဲ့ အာဏာရှင်စစ်တပ်ကို မတိုက်ဘဲ လက်ဆွဲနှုတ်ဆက်နေပြီး ပြည်သူကိုကာကွယ်စောင့်ရှောက်မှု ဘာမှလုပ်ပေးတာမရှိဘဲဒုက္ခသာပေးနေကာ အချင်းချင်းသာ တိုက်ခိုက်နေကြတဲ့ ကျားအတုတွေလို့ ရှမ်းရဟန်းသံဃာပြည်သူအချို့က ဂရုဏာဒေါသောနဲ့ ဝေဖန်ပြောကြားနေသလို တစိတ်တစ်ဝမ်းတည်း မညီညွတ်နိုင်ရင်တောင်မှ ပစ်ခတ်သတ်ဖြတ်မှုတွေ မလုပ်ဘဲ ပြည်သူကို ကာကွယ်ပေးတဲ့ သမိုင်းကောင်းတော်လှန်ရေးရဲ့အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တပ်တွေ ဖြစ်စေချင်ကြကြောင်း အကြံပြုနေကြတယ်လို့ သိရပါတယ်။
MK-012







