မဲခေါင်၊ ဇွန် ၁၂
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့မှာ လူ ၂ ဦးကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တို့က နေအိမ်ပေါ်အထိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မနေ့ ဇွန် ၁၁ရက်နေ့မှာ PNLO က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက် ည ၈နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့သူတွေဟာ ဟိုပုံးမြို့၊ နောင်ပဖာရပ်ကွက်က ခွန်လှနဲ့ ခွန်ဗွုန်းတို့ဖြစ်တယ်လို့ သိရပြီး PNLO တပ်ဖွဲ့ဝင်တွေဖြစ်လို့ ပစ်သတ်ရတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှု ကျူးလွန်သူတွေဟာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် လုံခြုံရေးတပ်ရင်းကဖြစ်ပြီး အသတ်ခံရသူတွေရဲ့ နေအိမ်ပေါ်အထိ လာရောက်ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။
သေဆုံးသူတွေဟာ နောင်ပဖာရပ်ကွက်က သာမန်ပြည်သူတွေသာဖြစ်ပြီး ခွန်လှဟာ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးနဲ့ အကျင့်ပျက်မှုတွေ ပပျောက်အောင် တက်ကြွစွာကူညီဆောင်ရွက်ပေးနေတဲ့ ရပ်မိရပ်ဖ တစ်ဦးဖြစ်တယ်လို့ PNLO က ပြောပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ မေလက ဇွန် ၃ ရက်နေ့အထိ ပြည်သူလူထုတွေကို ဖမ်းဆီးသတ်ဖြတ် ပြန်ပေးဆွဲငွေညှစ်၊ ရိုက်နှက်နှိပ်စက်တာ ၁၀ ကြိမ်ပြုလုပ်ခဲ့တယ်လို့ PNLOက ထုတ်ပြန်ခဲ့ပြီး မြေပြင်မှာ အချက်အလက်တွေ မကောက်ယူနိုင်တဲ့အတွက် ပိုမိုဆိုးဝါးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-012








