မဲခေါင် မေ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့ ကြေညာထားတာကြောင့် မြို့ခံတွေဘက်က ကုန်ဈေးနှုန်းတက်မှာကို စိုးရိမ်နေတယ်လို့ စုံစမ်းသိရပါတယ်။
ဧပြီလ ၁၉ ရက်နေ့က မြစ်ကြီးနား၊ လေတပ်စခန်း ဌာနချုပ်(နန့်ပေါင်လေတပ်)စခန်းကို မြောက်ပိုင်းညီနောင် ကာကွယ်ရေးတပ်ဖွဲ့(NB-PDF)က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက မြို့လုံခြုံရေး ခံစစ်ကို ပြင်ဆင်နေတဲ့အတွက် အခုလို လမ်းပိတ်ရတာလို့ ဆိုပါတယ်။
ရွှေစက်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက “လောလောဆယ်တော့ မပိတ်တော့ဘူး။ ကောလဟာလ လွှင့်နေကြတာ အများကြီးပဲ။ ကြေညာထားတာတော့ ဟုတ်ပါတယ်။ ဈေးကတော့ တက်ပေမယ့် ပူတာအိုလောက် မဆိုးသေးဘူး။ အဲလောက်နီးပါးတော့ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
ဧရာဝတီမြစ်တစ်လျှောက် မြစ်ကြီးနား – ဝိုင်းမော် ပြေးဆွဲနေတဲ့ စက်လှေတွေနဲ့ အဝေးပြေး ယာဉ်လိုင်းတွေကို ဒီညနေ ၅ နာရီကစပြီး ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားတယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒါ့အပြင် ဒီတစ်ပတ်အတွင်း မြစ်ကြီးနားမြို့တွင်းနေရာ အနှံ့အပြားမှာ သွားလာနေတဲ့ ပြည်သူတွေကို အမှတ်မထင် ဖမ်းဆီး စစ်ဆေးတာ၊ ယာဉ်လိုင်းတွေကို ဆက်ကြေးတောင်းတာတွေ ကြုံနေရတဲ့အတွက် အဝင်ကုန်စည်တွေပေါ် ကုန်သည်တွေအနေ ဈေးတင်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
စီတာပူရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက “သူတို့က စစ်ရှုံးနေတော့ လမ်းပိတ်ပြီး သေချာပြင်ဆင်မယ့် အနေအထား ရှိတယ်။ မိုင်းတွေ ထောင်ရင်လည်း ထောင်မှာပေါ့။ လမ်းမှာတော့ တော်တော်လေး စစ်ဆေးနေတာတွေ ရှိတယ်။ လောလောဆယ်တော့ မပိတ်သေးဘူး” လို့ ပြောပါတယ်။
မြစ်ကြီးမြို့အနီး ဝိုင်းမော်မြို့မှာ ကချင်လွတ်မြောက်ရး တပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော်ဒေသခံတွေဟာ မြစ်ကြီးနားမြို့ကို စစ်ဘေးရှောင်လာတာကြောင့် နေရာထိုင်ခင်းနဲ့ ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့အနီး ပူတာအိုမြို့ကို ဝင်တဲ့လည်း လမ်းတစ်လျှောက်မှာလည်း တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်တွေ ပြတ်လပ်နေပြီး ဓါတ်ဆီ ၉၂ တစ်လီတာကို ၅ သောင်းခွဲကျပ်၊ ဆန်ကြမ်းတစ်အိတ်ကို ၃ သိန်းခွဲကျပ်၊ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ် ရောင်းချနေကြတယ်လို့ ဘူတာအို မြို့ခံတွေက ပြောပါတယ်။
MK-014








