မဲခေါင် မေ ၁၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာ တပ်စွဲအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေကို မေလ ၁၈ ရက်နေ့မှာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီစခန်း ၈ ခုဖြစ်တဲ့ ကဇူး အခြေစိုက် ခမရ ၃၂၁ ရဲ့ ပွိုင့်ကုန်း၊ ဝလားတောင်၊ အောင်မြေ ၁၊ အောင်နမြ ၂၊ ၉ မိုင်၊ အင်းလေး၊ အင်လုံခ စခန်း၊ ဝူထောင်တောင် အခြေစိုက် စစ်ကောင်စီစခန်း တွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
“ဒီနေ့ မတ်လ ၁၉ ရက်နေ့မနက် ၆ နာရီခန့်မှာ ဂါးရာယန် လုံဇပ်ကုန်း စစ်ကောင်စီ စခန်းကို အပြီးသတ် သိမ်းလိုက်ပါတယ်။ မနေ့ကလဲ စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းတွေနဲ့ အောင်မြေ ၁၊ အောင်မြေ ၂၊ ခါးရှီ၊ အင်လေး စခန်းတွေကို သိမ်းခဲ့တယ် ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လုံဇပ်ကုန်း စစ်ကောင်စီစခန်းက ကဇူးစစ်ကောင်စီစခန်း အကျော်က ကုန်းမှာ အခြေစိုက်ထားတယ်လို့ သူက ပြောပါတယ်။
“မနေ့ မေလ ၁၈ ရက်နေ့ မနက်ကနေ ဒီနေ့ ၁၉ ရက်နေ့ လက်ရှိအချိန်အထိ ဒဘတ် နဲ့ ဝိုင်းမော် ကြား ကားလမ်း တလျှောက် တိုက်ပွဲ ဖြစ်နေပါတယ်။ ဒီမနက်တော့ ဝိုင်းမော်အနီး ခတ်ချိုရွာဘက်အထိ တိုက်ပွဲ ပြင်းထန်နေတယ်။” လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချာနယ်မှာတော့ တရက်ထဲ KIA, PDF တွေ အင်အားအလုံးအရင်းနဲ့ တပြိုင်ထဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်စခန်း နဲ့ ပြည်သူ့စစ်စခန်း ၈ ခုကို လက်လွတ်ပေးလိုက်ရပြီး နောက်ဆုံး တပ်စခန်း ၂ ခုသာကျန်ရှိတော့ကြောင်း၊ အဲဒီ လက်ကျန် စခန်း ၂ ခု ကိုလည်း အင်အားသုံးပိတ်ဆို့တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန် နေကြောင်း ဖော်ပြထားပါတယ်။
CJ-008










