မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ စစ်ကောင်စီ တပ်စခန်းမှာ ခမရ နဲ့ ခလရ တပ်ရင်း ၁၅၊ ၁၂၁၊ ၂၇၆၊ ၂၂၃ တို့ ထိုင်ပြီး KIA တပ်မဟာ ၃ နဲ့ AA, KPDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၆ နာရီခန့်ကစ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။
“စီခမ်းကြီးတပ် ဒီမနက် ၁၀ နာရီ ၅၅ မိနစ်မှာ သိမ်းနိုင်ပြီ လို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့ပြီး မနေ့ကအထိ လေကြောင်း ဗုံးကြဲတာကြောင့် ပြည်သူ ၆ ဦး ထိခိုက်သေဆုံးတာရှိတယ်လို့ ဆိုပါတယ်။
“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ရှိ မံစီ – မဘိမ်း အကြားက စီခမ်းကြီးဟာ မံစီ – ရွှေလီမြစ်ကြား တောင်ပေါ်က လွယ်ခမ်းဗျူဟာ ထောက်ပို့လမ်းကြောမို့ ပင်ရင်းအရင်ခုတ်တာပါ။ ကိုက်ထိပ် သိမ်းပြီး။ ဗန်းမော် – နမ့်ခမ်း လမ်းပေါ်ဆိုရင် မံစီ ကွက်ကွက်ပဲကျန် မံစီ – နမ့်ခမ်း လမ်းပွင့်တော့မယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးကလည်း ရှင်းပြပါတယ်။
မံစီမြို့နယ် ကိုက်ထိပ်က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ က KIA နဲ့ ပူးပေါင်း အဖွဲ့ က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ (ရှမ်းပြည်နယ်) နမ့်ခမ်း – (ကချင်ပြည်နယ်) ကိုက်ထိပ် – ဗန်းမော်လမ်းဟာ ပြီးခဲ့တဲ့ ၁၀ နှစ် ဝန်းကျင် ခန့်က စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာက လမ်းပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
CJ-008








