မဲခေါင်၊ ဒီဇင်ဘာ ၁၉
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရန်လုံကျိုင်း တရုတ် – မြန်မာ နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက MNDAA က ထိန်းချုပ်ထားလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်မြို့တော် လောက်ကိုင်ကို MNDAA က ဝိုင်းပတ်ပိတ်ဆို့ပြီးနောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA က ထပ်မံသိမ်းပိုက်လိုက်တာပါ။
“မနေ့က မနက်ပိုင်းက MNDAA တွေ ထိန်းချုပ် လိုက်ပြီ” လို့ လောက်ကိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်အခတ် ရပ်ဆိုင်းထားပေမယ့် ထန်ဟွေ့တိုက်ထိ MNDAA တပ်ပေါင်းစု အဖွဲ့တွေ ရောက်ရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“ရန်လုံကျိုင်ဂိတ်မှာက MNDAA အလံတောင် ထောင်ထား ပြီးပြီ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
ရန်လုံကျိုင်းနယ်စပ်ဂိတ်နဲ့ ၃ မိုင်ခန့်သာဝေးတဲ့ လောက်ကိုင် ဒေသကွပ်ကဲရေးဌာနချုပ် (ဒကစ) ဘက်နဲ့ ကျူဖန် ဆိုတဲ့နေရာဘက် မှာ ပဲ စစ်ကောင်စီတွေရှိပြီး ရန်လုံကျိုင်းဘက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေအပါအဝင် ဘယ်သူမှ မနေရဲတော့ဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီ နဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်တာ မရှိပေမယ့် တုန်ချိန်မြို့သစ်နဲ့ နယ်ခြားအမှတ် (BP) 125 ကို MNDAA တို့ ထိန်းချုပ်ထားပြီး လောက်ကိုင်မြို့နယ်အတွင်းနဲ့ မြို့ပြင် တစ်ဝိုက်မှာ စစ်ရေး ဆက်လက်တင်းမာနေကာ တိုက်ပွဲများအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ကြောင်း ကိုးကန့်သတင်းဌာနက ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ရှမ်းမြောက်ကိုးကန့်ဒေသတွင်းမှာ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့တွေကို MNDAA က သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစံကျော့ နယ်စပ်ဂိတ် ၄ ခုကိုလည်း MNDAA က သိမ်းပိုက်ထားကာ အခု ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို သိမ်းမိတာအပါဆိုပါက နယ်စပ်ဂိတ်စခန်း ၅ ခုကို သိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။
CJ-008
#MeKongNews
#ရန်လုံကျိုင်း
#MNDAA
#နယ်စပ်
#သိမ်းပိုက်
#တရုတ်








