မဲခေါင်၊ နိုဝင်ဘာ ၁၇
၁၁၁၁ စစ်ဆင်ရေး အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနဲ့ မိုးဗြဲ ဒေသရှိ စစ်ကောင်စီ တပ်စခန်း ၈ ခုထက် မနည်း တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ မိုးဗြဲ ဖယ်ခုံ ဒေသအတွင်းရှိ တော်လှန်ရေး တပ်တွေက ထုတ်ပြန်ပါတယ်။
၁၁၁၁ စစ်ဆင်ရေး စတင်တဲ့ နို၀င်ဘာ ၁၁ ရက်နေ့၊ မနက် ၅ နာရီက စပြီး ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား (၂) စတဲ့ ဒေသတွင်း စစ်ကောင်စီ တပ်စခန်း ၈ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲ အခြေစိုက် စစ်ကောင်စီ ခမရ (၅၁၈) တစ်နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စက်တော်ရာ တောင်ကုန်း စခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အဆိုပါ တောင်ကုန်းဟာ စစ်ကောင်စီရဲ့ ပင်မ စစ်ရေး အချက်အချာ နေရာတစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေ အတွင်း လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ စစ်သုံ့ပန်း ဖမ်းဆီးမှု အခြေအနေကိုတော့ စစ်ဆင်ရေး ပြီးဆုံးတဲ့ အချိန်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အင်အားစုက ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံမှာတော့ လက်နက်ကြီး လက်နက်ငယ် ၃၀ ကျော်နဲ့ ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများစွာ သိမ်းပိုက် ရရှိတာကို တွေ့ရပါတယ်။
ဖယ်ခုံ၊ မိုးဗြဲ ဒေသမှာ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၅ ရက်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး အကြိမ်ရေ ၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသတွင်း အရပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးဗြဲ၊ ဖယ်ခုံဒေသ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်သားတွေ လက်နက်ခဲယမ်း စွန့်ပစ်ကာ ခြေဦးတည့်ရာ ထွက်ပြေးနေတာကြောင့် မဟာမိတ် တော်လှန်ရေး အင်အားစုတွေ နယ်မြေ ရှင်းလင်းရေး လုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုးဗြဲမြို့ အတွင်း အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဒီတိုက်ပွဲတွေကို ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများ၊ ရှမ်းတောင် ဗျူဟာ (၂) တပ်ရင်းများ၊ KNDF ဗျူဟာ (၁) တပ်ရင်းများနဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန်ရေး အင်အားစုများက ၁၁၁၁ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
CJ-002
#MekongNews
#မိုးဗြဲ
#၁၁၁၁_စစ်ဆင်ရေး
#တော်လှန်ရေး








