မဲခေါင်၊ ဇူလိုင် ၂၈
အင်ဒို-ပစ္စိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေမှုကို ဟန့်တားရေး ဩစတြေးလျနဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ရဲ့ အနိုင်ကျင့် အပြုအမူကို ဆန့်ကျင်တဲ့ နိုင်ငံတိုင်းနဲ့ အတူ ရပ်တည်သွားမယ်လို့ ပြောကြားပါတယ်။
အော်စတင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကန် တို့ဟာ ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့ကို ဇူလိုင် ၂၇ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီး ၃ ရက်တာ ခရီးစဉ်အတွင်း ဩစတြေးလျနဲ့ ပူးပေါင်းကာ ထောက်ပံ့မှု အစီအစဉ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားတဲ့ ဩစတြေးလျ အတွက် နျူကလီးယား စစ်သင်္ဘောအုပ်စု ထူထောင်ပေးရေးမှာ အကူအညီပေးဖို့ အော်စတင်ဟာ ဘရစ္စဘိန်းကို ရောက်ရှိလာတာဖြစ်ပြီး ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။
ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး လွိုက်အော်စတင် က “တရုတ်ဟာ အရှေ့တရုတ်ပင်လယ်ကနေ တောင်တရုတ် ပင်လယ်အထိ အကျပ်ကိုင် အနိုင်ကျင့်မှုတွေ လုပ်နေတာ မြင်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ ပူးပေါင်းနိုင်ငံ အားလုံးအပေါ် တရုတ်ရဲ့ အနိုင်ကျင့် အပြုအမူတွေကို တွန်းလှန်တဲ့အခါ ဆက်လက်ထောက်ပံ့ ပေးသွားရပါလိမ့်မယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဩစတြေးလျနိုင်ငံရဲ့ အဓိက ပို့ကုန်တွေကို ကုန်သွယ်မှု ဆက်တိုက် ပိတ်ဆို့လာခဲ့လို့ ကျောက်မီးသွေး၊ စပျစ်ရည်၊ မုယောစပါး၊ အမဲသား၊ ပင်လယ်စာနဲ့ သစ်တင်ပို့မှုတွေ ထိခိုက်မှု ရှိလာခဲ့ပါတယ်။
ဩစတြေးလျအစိုးရ အတွက် ဒီတင်ပို့မှုတွေကနေ တစ်နှစ် ဒေါ်လာ ၁၅ ဘီလီယံအထိ အကျိုးအမြတ် ရရှိတာကြောင့် တရုတ်ရဲ့ နှောင့်ယှက် ပိတ်ဆို့မှုတွေကို အမေရိကန်နဲ့ ပူးပေါင်း ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။
AUKUS ပူးပေါင်းမှု စာချုပ်အရ ဩစတြေးလျ၊ ယူကေနဲ့ အမေရိကန်တို့ ပူးပေါင်းထားပြီး ဩစတြေးလျဟာ ဗာဂျီးနီးယား Class ရေငုပ်သင်္ဘော ၃ စီးကို အမေရိကန်ဆီက ဝယ်ယူခွင့် ရထားသလို ဗြိတိန်နဲ့ ပူးပေါင်းပြီး နောက်ထပ် AUKUS-class ရေငုပ်သင်္ဘောသစ် ၅ စီး တည်ဆောက်ဖို့ သဘောတူထားပါတယ်။
MKF-001
#MeKongNews
#အင်ဒို-ပစ္စိဖိတ်ဒေသ
#ကန်ကာကွယ်ရေးဝန်ကြီး
Ref: abcnews








