မဲခေါင်၊ စက်တင်ဘာ ၉
၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို ယနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC) က ပြောကြားသည်။
မကြာသေးမီရက်ပိုင်းတွင် စစ်စခန်းများ၊ သင်္ဘောများနှင့် စွမ်းအင်လုပ်ငန်း နေရာများကို တိုက်ခိုက်ရင်း အမေရိကန် နှင့် အီရန် ၂ ဖက်စလုံး ထံမှ မြင့်တက်လာသော တိုက်ခိုက်မှုများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကာ ဒေသတွင်း နိုင်ငံများကိုလည်း စစ်ပွဲထဲသို့ ပါဝင်လာစေခဲ့သည်။
ပြီးခဲ့သည့် ၂ ရက် အတွင်း IRGC က အမေရိကန်၏ စစ်သင်္ဘော ၂ စီးကို ပစ်မှတ်ထား၍ ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကို လက်တုံ့ပြန်၍ အီရန်ရေနံတင်သင်္ဘော ၅ စီးကို ဖျက်ဆီးပစ်လိုက် သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (Centcom) က ပြောကြားပြီး ၎င်းတို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗီဒီယိုများကိုလည်း ထုတ်ပြန်ခဲ့သည်။
အီရန်တိုက်ခိုက်မှုများကြောင့် အမေရိကန်တပ်ဖွဲ့များ ထိခိုက်ခဲ့ခြင်း မရှိကြောင်း Centcom က ပြောသည်။
အီရန်က အမေရိကန်ရေတပ်သင်္ဘောများကို တိုက်ခိုက်ရန် ဆက်လက်ကြိုးစားနေပြီး ထိုသို့ ကြိုးပမ်းမှုတိုင်းတွင် အီရန်အနေဖြင့် ရေနံတင်သင်္ဘောများ ဆုံးရှုံးရလိမ့်မည်ဟု ကိုလံဘီယာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောသည်။
ထို့နောက်တွင် အီရန်က ဂျော်ဒန်နိုင်ငံ အယ်လ်အက်ဇ်ရက်မြို့ အနီးမှ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် စစ်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း IRGC က ထုတ်ပြန်ပြောကြားသည်။
၎င်းတို့၏ ဒုံးကျည်များကြောင့် ကြီးမားသော အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်ဟု အီရန်က ပြောကြားသော်လည်း ဂျော်ဒန် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက အီရန်တို့၏ ဒုံးကျည် ၁၈ စင်းကို ပစ်ချနိုင်ခဲ့ပြီး ၂ စင်း က လူနေထိုင်မှုမရှိသော ဒေသများသို့ ကျရောက် ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှုလည်း မရှိကြောင်းဂျော်ဒန် က ပြောကြားသည်။
ဂျော်ဒန်တွင် အီရန်၏ တိုက်ခိုက်မှုများ ထိရောက်မှုမရှိခဲ့ကြောင်းနှင့် အမေရိကန် တပ်ဖွဲ့များအားလုံး ဘေးကင်းကြောင်း အမေရိကန်အရာရှိကြီးတစ်ဦးက ပြောသည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးစားနေသော အမေရိကန်သင်္ဘော ၂ စီး နှင့် ရေနံတင်သင်္ဘော ၁၀ စီးကို လည်း တိုက်ခိုက်ခဲ့သည်ဟု IRGC က ယနေ့ ထုတ်ပြန်ချက်တွင် ပြောသည်။
ကူဝိတ်နှင့် ဘာရိန်းနိုင်ငံမှ ဆိပ်ကမ်းများ၌ ဆိုက်ကပ်ထားသော ရေနံတင်သင်္ဘောများကို တိုက်ခိုက်သွားမည်ဟုလည်း အီရန် က ခြိမ်းခြောက်ခဲ့သည်။
ယူအေအီးနိုင်ငံ ခေါဖက်ကန် ဆိပ်ကမ်းမှ သဘာဝဓါတ်ငွေ့အရည် (LNG) သင်္ဘောတစ်စီး ပျက်စီးခဲ့ကြောင်း ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားသော်လည်း တိုက်ခိုက်မှု လက်သည်ကို မသိရပေ။
အေးကျော်
Ref:Reuters
#MeKongNews
#ရေနံတင်သင်္ဘောများ
#ဂျော်ဒန်
#အီရန်
#ပြန်လည်တိုက်ခိုက်








