မဲခေါင်၊ ဇန်နဝါရီ ၁၃
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂမှ ပိတ်ဆို့ အရေးယူထားသော ရုရှားရေနံတင် ၃ စီး ထပ်မံ တွေ့သဖြင့် အမေရိကန်ရေတပ် တိုက်သင်္ဘောတစ်စီးနှင့် ယူကေအခြေစိုက် နေတိုးစစ်သင်္ဘောများ နောက်မှ ထပ်လိုက်နေပြီ ဖြစ်သည်။
ဇန်နဝါရီ ၉ ရက်တွင် ် ဗင်နီဇွဲလားမှ ထွက်ခွာ ခုတ်မောင်းလာသည့် တီမောအလံ လိမ်လည် လွှင့်ထူထားသော အိုလီနာ ရေနံတင်သင်္ဘောကို ထရီနီဒက်နိုင်ငံ အနီး ရဟတ်ယာဉ်ဖြင့် ဆင်းသက်ပြီး အမေရိကန် ကွန်မန်ဒိုများက သိမ်းဆည်းခဲ့သေးသည်။
ယင်းသိမ်းဆည်းမှုမှာ အမေရိကန် ခွင့်ပြုချက်မရဘဲ ဗင်နီဇွဲလားမှ ထွက်ပြေးခြင်းကြောင့် ဖြစ်ကြောင်းနှင့် ဗင်နီဇွဲလား ယာယီအစိုးရနှင့် ပူးပေါင်း ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်ဟု အမေရိကန်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းမှာ အမေရိကန် ၏ ၅ စီးမြောက် သိမ်းပိုက်သော ရေနံတင်သင်္ဘောလည်း ဖြစ်သည်။
ယခုလည်း ဂြိုဟ်တု ဓာတ်ပုံများအရ Vesna၊ Veronica III နှင့် Bertha အမည်ရ ရုရှားရေနံတင် သင်္ဘော ၃ စီးသည် ဗင်နီဇွဲလားကမ်းလွန်မှ ပိတ်ဆို့ထားမှုများကို ဖောက်ထွက်လာနိုင်ပြီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ခုတ်မောင်း နေသဖြင့် နေတိုးနှင့် အမေရိကန် စစ်သင်္ဘောများ ထပ်ချပ်မကွာ လိုက်နေကြခြင်းဖြစ်သည်ဟု သိရသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက် ကမ္ဘာ့ ရေနံစိမ်းအများဆုံး ထုတ်လုပ်ရာ ဗင်နီဇွဲလားမှ ရေနံစိမ်းများကို မိမိတို့အစီအစဉ်ဖြင့် စျေးကွက်ထဲသို့ တင်ပို့ ရောင်းချပေးမည် ဖြစ်ကာ ဗင်နီဇွဲလား ပြည်သူများ ကြွယ်၀ရေးအတွက် ပြန်ပေးသွားမည်ဟု ဒေါ်နယ်ထရမ့်က ဆိုထားသည်။
တစ်နှစ် ရေနံစိမ်းစည် သန်း ၃၀ မှ ၅၀ အထိ အမေရိကန်သို့ ပို့ဆောင်စေပြီးမှ စျေးကွက်အတွင်း ပြန်လည် ဖြန့်ဖြူးသွားမည်ဟုလည်း ၎င်းက ဆိုသည်။
ထိုပြင် ဗင်နီဇွဲလားမှ မည်သည့် ရေနံတင်သင်္ဘောမျှ မိမိခွင့်ပြုချက် မရဘဲ ထွက်ခွာခြင်း မပြုရဟု ထရမ့်က ကြေညာထားရာ ယခင် အဓိက တင်သွင်းနေသော ရုရှားနှင့် တရုတ်တို့အတွက် ထရမ့်၏ လုပ်ရပ်များက ဒေါသထွက် ပေါက်ကွဲစရာဖြစ်နေပြီး ကမ္ဘာစစ် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ပိုကျယ်ပြန့်လာသည်။
ကိုကလင်း
Ref: The Sun
#MeKongNews
#ပိတ်ဆို့
#ရုရှား
#ရေနံတင်သင်္ဘော
#နေတိုး
#အမေရိကန်ရေတပ်








