မဲခေါင်၊ ဇန်နဝါရီ ၄
ဇန်နဝါရီ ၂ ရက်ညပိုင်းက ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ရှိ စစ်အခြေစိုက်စခန်း နေရာ ၇ နေရာကို အမေရိကန်ဘက်က အနိမ့်ပျံသန်းသော လေယာဉ်များဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဒေါ်နယ်ထရမ့် အလိုရှိနေသည့် သမ္မတ မာဂျူရိုနှင့်ဇနီးသည်ကိုပါ ဖမ်းဆီးသွားခြင်းအတွက် ရုရှားနှင့် အီရန်တို့က အစောဆုံး ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသည်။
ရုရှားလက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အဓိက အားထားအသုံးပြုသော မာဂျူရိုကို အမေရိကန်ဘက်မှ လွယ်ကူစွာ ဖမ်းဆီးသွားခြင်းဖြစ်ရာ ရုရှား ဖက်ဒရေးရှင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ကွန်စတန်တင် ကိုဆာချော့ဗ်က အနှစ်သာရ အခြေခံမရှိသော တိုက်ခိုက်မှုဖြစ်ကြောင်း၊ ကမ္ဘာကြီးက အမေရိကန်၏ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ဗင်နီဇွဲလားအား တိုက်ခိုက်နေမှုအပေါ် နှုတ်ဆိတ်နေကြခြင်းအတွက်လည်း ရှုတ်ချကြောင်း တယ်လီဂရမ်တွင် ရေးတင်ခဲ့သလို ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာကလည်း မကြာမီ ဗင်နီဇွဲလားနှင့်ပတ်သက်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ကာ ရှုတ်ချသွားရမည်ဟု ထုတ်ပြန်သွားခဲ့သည်။
အမေရိကန်နှင့် ရန်သူတော်ဖြစ်နေသည့် အီရန်ကလည်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများစွာဖြင့် ကြုံနေရသည့်ကြားမှ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ခြင်း၊ အခြားသော နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ဂုဏ်သိက္ခာကို ထိပါးခြင်း၊ ရန်လိုသော နယ်ချဲ့ခြင်းများဖြစ်သည်ဟု ထုတ်ပြန်ရှုတ်ချသွားခဲ့သည်။
ကိုကလင်း
Ref: AA
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#အီရန်
#ရုရှား








