မဲခေါင်၊ ဒီဇင်ဘာ ၂၅
ရုရှားသမ္မတပူတင်သည် ယူကရိန်းကို ကျူးကျော်သိမ်းပိုက်နေရုံသာမက လကမ္ဘာပေါ်တွင်ပါ စိုးမိုးနိုင်ရေးရည်မှန်းချက်အတွက် လာမည့် ၁၀ နှစ်အတွင်း လကမ္ဘာပေါ် နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံအပြီးတည်ဆောက်သွားတော့မည်ဟု ဆိုလာပြန်သည်။
ရုရှားသည် အာကာသစူးစမ်းလေ့လာရေးအစီအစဉ်များတွင် အစောဆုံး ကြိုးစားအားထုတ်မှုများ ရှိခဲ့ကာ ၁၉၆၁ ခုနှစ်တွင် အာကာသယာဉ်မှူး ယော်ရီဂါဂါရင်သည် လကမ္ဘာပေါ်သို့ ပထမဆုံး ခရီးသွား ရောက်ရှိနိုင်ခဲ့သူဖြစ်လာခဲ့သည်။
သို့သော် ၂၁ ရာစုတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအစိုးရများမှ ဦးဆောင်သော လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်များမှာ အားနည်းလာပြီး ပုဂ္ဂလိကလုပ်ငန်းကြီး ဖြစ်သော အီလွန်မာ့စ်၏ SpaceX အာကာသအစီအစဉ်များက အင်အားအကောင်းဆုံး ဖြစ်လာခဲ့သည်။
ယနေ့ ခေတ်တွင် အမေရိကန်ပြီးလျှင် လကမ္ဘာနှင့်အာကာသစူးစမ်းရှာဖွေရေးအစီအစဉ်များ၌ တရုတ်က အင်အားပိုကောင်းလာရာ ရုရှားသည် တရုတ်နှင့် ပူးပေါင်းကာ လကမ္ဘာစူးစမ်းရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လာရသည်။
ထို့အတွက် ရုရှားသည် ၂၀၂၃ ခုနှစ်ကတည်းက Luna-25 မစ်ရှင်ဖြင့် လကမ္ဘာပေါ် စမ်းသပ်မှုများပြန် လုပ်ခဲ့ရာ ဆင်းသက်စဉ် ပေါက်ကွဲပျက်စီးခဲ့သည်။
ထို့ကြောင့် ရုရှားအစိုးရပိုင် အာကာသအေဂျင်စီ Roscosmos က ၂၀၃၆ ခုနှစ်တွင် လကမ္ဘာပေါ် နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး ထူထောင်ကာ အာကာသစူးစမ်းရှာဖွေရေးလုပ်ငန်းစဉ်များကို စိုက်လိုက်မတ်တပ်လုပ်သူများ စွမ်းအင် မပြတ်ရရှိရေး ဦးတည်သည်ဟု ထုတ်ပြန်ကာ တည်ဆောက်ရေးလုပ်ငန်းများအား Lavochkin အာကာသကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း ဒီဇင်ဘာ ၂၄ ရက်၌ ထုတ်ပြန်သွားခဲ့သည်။
လက်ရှိတွင် လကမ္ဘာပေါ်၌ ရုရှား-တရုတ် အပြည်ပြည်ဆိုင်ရာ လသုတေသနစခန်းဖွင့်လှစ်ထားပြီး ဩဂုတ်လက နာဆာသည်လည်း ၂၀၃၀ ပြည့်နှစ်၌ အာကာသ နျူကလီးယားလျှပ်စစ်ဓာတ်အားပေး စက်ရုံထူထောင်ရေး အဏုမြူဓာတ်ပေါင်းဖို တစ်ခု လပေါ်သို့ တင်ပို့သွားမည်ဟု ကြေညာခဲ့သေးသည်။
ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀၀၀၀ အမြင့်တွင် ရှိသည့် လကမ္ဘာသည် အပေါ်ယံလွှာအောက်၌ အလွန် အကျိုးများမည့် ဓာတ်သတ္တုများ ကြွယ်၀စွာရှိနေမည်ဟု ယုံကြည်ထားကြသဖြင့် နိုင်ငံကြီးများ အပြိုင် အဆိုင် အခြေချလက်ဦးမှုရစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သုတေသနရင်းမြစ်များအရ လကမ္ဘာပေါ် တွင် ဟီလီယံ-၃ ပျမ်းမျှ တန် ၁ သန်းရှိသည်ဟု ယုံကြည်ထားကြသည်။
စမတ်ဖုန်း၊ ကွန်ပျူတာမှအစ နည်းပညာထုတ်ကုန်များနှင့်စစ်ရေး ထုတ်ကုန်များတွင် မရှိမဖြစ် လိုအပ်နေသည့် မြေရှားသတ္တုများ လည်း လကမ္ဘာပေါ်တွင် ကြွယ်၀စွာရှိနေသလို အနာဂတ်၌ ရွှေတူးယူရန်အထိ ထိပ်သီးနိုင်ငံများ အပြိုင် ကြိုးစားနေကြသည်။
နိုင်ငံတကာ အာကာသနှင့်လကမ္ဘာစည်းမျဉ်းဥပဒေများအရ လပေါ်သို့ နျူကလီးယားလက်နက်များ မတင်ဆောင်ရဟု ပြဌာန်းထားသော်လည်း နျူကလီးယားလျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက်မူ တားမြစ်ထားခြင်းမရှိသဖြင့် အပြိုင်ကြိုးစားနေကြခြင်းဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#လကမ္ဘာ
#နျူကလီးယားဓာတ်ပေါင်းဖို
#အာကာသ








