မဲခေါင်၊ ဇူလိုင် ၁၄
မီးလောင်မှု ၂ ကြိမ်ကြောင့် လွန်ခဲ့သည့် ၇ နှစ်ကတည်းက ကမ်းကပ်ကာ ပြင်ဆင်နေခဲ့ရသည့် ရုရှားနိုင်ငံ၏ တစ်စင်းတည်းသော သံချေးတက် လေယာဉ်တင်သင်္ဘောပျက်ကြီး ဗိုလ်ချုပ် ကူဇညက်ဆော့ဗ် (Admiral Kuznetsov) မှာ ကုန်ကျစားရိတ်ကြီးမြင့်လွန်းသလို ပြင်ဆင်နိုင်ခြင်းလည်း မရှိတော့သဖြင့် ရပ်ဆိုင်းစွန့်ပစ် ဖျက်ဆီးတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကတည်းက တပ်တော်ဝင်ပြီး ဗြိတိန်ကမ်းရိုးတမ်းသို့ ဖြတ်ကျော်ခဲ့ဖူးသော ဆိုဗိယက်ခေတ်လက်ကျန် ကူဇညက်ဆော့ဗ် လေယာဉ်တင်သင်္ဘောကို အနောက်မဟာမိတ်များက ပူတင်အတွက် အရှက်ခွဲ သင်္ဘော (Ship Of Shame) ဟု ခေါ်ဆိုကြကာ ယူကရိန်းစစ်ပွဲတွင်လည်း မည်သည့် ပါဝင်မှုမှမလုပ်နိုင်ဘဲ ရုရှားအနောက်မြောက် အာတိတ်ဆိပ်ကမ်း မာမန့်ခ်စ်တွင်သာ ဆိုက် ကပ်ထားရပြီး အသုံးပြုနိုင်ရေး ပြန်လည်ပြင်ဆင်နေခဲ့ရသည်မှာ ၇ နှစ်ကြာခဲ့သော်လည်း စားရိတ်များ စွာ ကုန်ကျနေသလို ယနေ့ခေတ် နည်းပညာများတင်ဆောင်ရန်မှာလည်း မဖြစ်နိုင်တောအောင် အိုဟောင်းနေပြီဖြစ်သဖြင့် စွန့်ပစ်တော့မည်ဆိုခြင်းမှာ လက်ခုပ်တီး အားပေးရမည့် ဆုံးဖြတ်ချက်ဟု ယခင် ရုရှားပစိဖိတ်ရေယာဉ်စု ရေတပ်မှူး ဗိုလ်ချုပ် ဆာဂျီ အဗာကျန့်စ်က လက်ခံစကားပြောကြားသွားခဲ့သည်။
ဘောလုံးကွင်း ၄ ကွင်းစာ ကြီးမားကာ Su-33 နှင့် MiG-29 လေယာဉ် ၂၈ စီး၊ Ka-52K နှင့် Ka-27 ဟယ်လီကော်ပတာ ၁၇ စီး၊ P-700 Granit ဒုံးကျည်များ တပ်ဆင်ထားသည့် တန် ၅၈၀၀၀ အလေး ချိန်ရှိသော ဗိုလ်ချုပ် ကူဇညက်ဆော့ဗ် လေယာဉ်တင်သင်္ဘောသည် ၂၀၁၇ ခုနှစ်က ဆီးရီးယားမှ တာဝန်ထမ်းပြီးအပြန်ကတည်းက အသုံးမပြုနိုင်တော့သဖြင့် သင်္ဘောပေါ် တာဝန်ထမ်းသော စစ်သည် ၁၅၀၀ သည်လည်း ကြည်းတပ်သို့သွားကာ ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရင်း ကျဆုံးသူများ ကျဆုံးခဲ့သည့် မှတ်တမ်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#လေယာဉ်တင်သင်္ဘော
#ဖျက်ဆီး
#ယူကရိန်း








