မဲခေါင်၊ မတ် ၂၁
မတ် ၂၀ ရက်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်အစိုးရလက်ထက် စတုတ္ထမြောက် စာသင်နှစ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ၄ နှစ်ဆက် စာသင်ခန်းများအတွင်း အမျိုးသမီးများမပါဝင်သော ပညာသင်နှစ်အဖြစ်သာ ဆက်လက်သင်ကြားသွားရန် သေချာသွားခဲ့သည်။
တာလီဘန်အစိုးရသည် မူလတန်းအဆင့် ပညာသင်ကြားရေးတွင်သာ မိန်းကလေးများကို တက်ရောက် ခွင့်ပြုထားပြီး အလယ်တန်းမှစပြီး မိန်းကလေးများပညာသင်ကြားခွင့်ကို ပိတ်ပင်ထားရာ နိုင်ငံတကာမှ တောင်းဆိုမှုများကြောင့် ယခုနှစ်တွင် မိန်းကလေးများပညာသင်ခွင့်ပေးနိုင်သည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် အလယ်တန်းအဆင့်အစ ဆဌမတန်းမှစတင်ပြီး မိန်းကလေးများစာသင်ကြားခွင့်ကို ပြန်လည် ခွင့်ပြုခြင်းမရှိဘဲ တာလီဘန် ပညာရေးဝန်ကြီး အက်ဂါ က မိမိတို့ပညာရေးတွင် ဘာသာရေးအဆုံးအမများနှင့် ခေတ်မီ သိပ္ပံပညာရပ်များကို သင်ကြားပေးသွားမည်ဟုသာ ပြောကြားသွားခဲ့သည်။
ဝန်ကြီးအက်ဂါက မိမိတို့ပညာရေးစနစ်သည် တာလီဘန်စနစ်ကို အုတ်မြစ်ချပြီး တာလီဘန်အစိုးရအတွက် ရပ်တည်ပေးမည့် ကျောင်းသားများကိုသာ မွေးထုတ်ရန်ရည်ရွယ်ကြောင်းနှင့် တိုင်းပြည်အခြေအနေအရ အစ္စလာမ္မစ်ဥပဒေ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အဓိကရည်ရွယ်ကြောင်း၊ ပညာရေးတွင်လည်း မိန်းကလေးများ အလယ်တန်းမှစတင် ပညာသင်ကြားခွင့်မပြုသော်လည်း တိုးတက်ပြောင်းလဲမှုများစွာ ရှိခဲ့သည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: amutv
#MeKongNews
#တာလီဘန်
#အာဖဂန်နစ္စတန်
#အမျိုးသမီး
#ပညာရေး
#ဘာသာရေး








