ပြည်တွင်းလုံခြုံရေးဝန်ထမ်း ၄၀၀ ကိုထရမ့်အလုပ်ဖြုတ်ပြီး ဥရောပမှ စစ်သည်များစွာ ပြန်ခေါ်ဖွယ်ရှိ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမိမြေလုံခြုံရေးဌာန (DHS) မှ ဝန်ထမ်း ၄၀၀ ကျော်ကို အလုပ်ထုတ်ကာ နိုင်ငံ့ဝန်ထမ်းအင်အားစု လျှော့ချရေးအတွက်စီစဉ်နေပြီဖြစ်ကြောင်း အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့ သည်။
နိုင်ငံ၏ ဗျူရိုကရေစီယန္တရားကို လျှော့ချနိုင်ရေး အထူးကြိုးပမ်းလျှက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှထွက်ခြင်း၊ USAID ၏ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအစီအစဉ်များကို ရက် ၉၀ ဆိုင်းငံ့ပိတ်ပင်ခြင်း အပြင် ယခုလည်း DHS လုံခြုံရေးဝန်ထမ်း ၄၀၀ ကျော်ကို လျှော့ချခြင်းဖြင့် အစိုးရလစာပေးချေမှု ဒေါ်လာ သန်း ၅၀ လျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း DHS ပြောရေးဆိုခွင့်ရှိသူ ထရိုင်စီယာမက်လောင်လင်က CBS သတင်းဌာန သို့ ပြောကြားသွားခဲ့သည်။
အဆိုပါ DHS ဌာနတွင် မစ်ရှင်မဖော်ဆောင်ရသော်လည်း အထူးအရေးပါသည့် ဆိုက်ဘာလုံခြုံရေးနှင့်အဆောက်အအုံများ လုံခြုံရေးအေဂျင်စီ (CISA)၊ ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (FEMA)၊ အမေရိကန်နိုင်ငံသား နှင့်လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုအဖွဲ့တို့ရှိနေရာ ဒေါ်နယ်ထရမ့်က ဝန်ထမ်း ၄၀၀ ကျော်လျှော့ချမည့်အပြင် ဌာန သို့မဟုတ် အေဂျင်စီများကိုပါ ရပ်ဆိုင်းဖြုတ်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
ဒီမိုကရေစီ စံနှုန်းများကို ဂရုမစိုက်တော့ဘဲ အမျိုးသားရေးတစ်ခုတည်းအတွက် ဦးစားပေးနေသည့် ထရမ့်သည် ရုရှား၏ ခြိမ်းခြောက်မှုခံနေရသော နေတိုးနှင့်ဥရောပနိုင်ငံများကို အကာအကွယ်ပေးရေးအတွက်လည်း ဆန္ဒ မရှိတော့ဘဲ ယူကရိန်းကို အထောက်အပံ့များစွာ ဆက်ပေးရေးမူဝါဒကို စွန့်လွှတ်ကာ ဥရောပသို့ စေလွှတ်ထား သော စစ်သည်များစွာကိုလည်း ပြန်လည်ခေါ်ဆောင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
စစ်အေးကာလ တင်းမာမှုများ အမြင့်ဆုံးအရှိန်ရောက်ရှိနေချိန်တွင် ထရမ့်သည် ယူကရိန်းအပါအဝင် ဥရောပ နိုင်ငံများ ကိုယ့်ကိုကိုယ် ကာကွယ်ရေးမူသာ ကျင့်သုံးစေချင်ပြီး ဥရောပသို့ စေလွှတ်ပေးထားသော စစ်သည် အင်အား၏ ၂၀ ရာခိုင်နှုန်း တစ်နည်းအားဖြင့် စစ်သည် ၂၀၀၀၀ ကို ပြန်ခေါ်ရန် အစီအစဉ်ချမှတ်နေသည်ဟု မြူးနစ်လုံခြုံရေးညီလာခံ ဦးဆောင်ပုဂ္ဂိုလ် ဟက်စ်ဂန်က ဂျာမန်ရေဒီယိုနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆို သွားခဲ့ပြီး ထိုအစီအစဉ်ကို အမေရိကန် ဒုသမ္မတ ဒီဂျေဗန်စီထံမှ သိရှိရခြင်းဖြစ်သည်ဟုလည်း ထုတ်ဖော်ပြောဆို သွားခဲ့သည်။
Ref: mehrnews
ကိုကလင်း
#MeKongNews








