အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်လို့ ၇၇ ယောက်သေဆုံး
မဲခေါင်၊ ဇန်နဝါရီ ၁၇
အစ္စရေးနဲ့ ဟားမက်စ်တို့ ၁၅ လကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးလုနီးပေမယ့် သဘောတူညီမှုအပြီးမှာတင် အစ္စရေးရဲ့ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၇၇ ယောက် ထပ်မံသေဆုံးကြောင်း သိရှိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ အပစ်အခတ်ရပ်စဲဖို့နဲ့ ဟားမက်စ်ဖမ်းထားတဲ့ ဓားစာခံတွေကို အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်ရေးလုပ်ဖို့ မူအားဖြင့် ၂ ဖက်သဘောတူညီခဲ့တာ ဇန်နဝါရီ ၁၅ ရက် မှာဖြစ်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ အစ္စရေးဘက်က အစိုးရအဖွဲ့ကြား မဲခွဲပြီး အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးတပ်တွေ ဂါဇာက ထွက်သွားဖို့ အတည်ပြုဆုံးဖြတ်မှာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နက်တန် ယာဟုကတော့ ဟားမက်စ်တွေဟာ နောက်ဆုံးအချိန်ပိုင်းရောက်မှ ထပ်မံတောင်းဆိုမှုတွေ လုပ်လာသလို အပစ်အခတ်ရပ်စဲရေးမှာ သဘောတူညီချက် အားလုံးကို လိုက်နာလိုခြင်းမရှိနိုင်သေးကြောင်း ထုတ်ပြန်ပြောဆိုပြီး ဂါဇာကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲပြီးတာနဲ့ စားနပ်ရိက္ခာမလောက်ငှဘဲ အတိဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ဖို့ လာရောက်မယ့် ကယ်ဆယ်ရေးကားတန်းတွေဟာ အီဂျစ်နယ်စပ် အယ်လ်အားရစ်ရှ်အရပ်မှာ နယ်စပ်ဂိတ်အဖွင့်ကို စောင့်ဆိုင်းနေကြပါတယ်။
ဒါပေမဲ့ အစ္စရေးဟာ မူအားဖြင့် အပစ်အခတ်ရပ်ဖို့ သဘောတူညီမှုရယူအပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာထဲကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၇၇ ယောက် သေဆုံးခဲ့တယ်လို့ ဟားမက်စ်ဘက်က ထုတ်ပြန်သွားပါတယ်။
Ref: aawsata
MKF-001
#MeKongNews








