ဆူဒန်ပြည်တွင်းစစ်မှာ ရုရှားနှစ်ဖက်စလုံးကို ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲ
မဲခေါင်၊ ဇန်နဝါရီ ၈
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ဆူဒန်ပြည်တွင်းစစ်ပွဲမှာ ရုရှားဟာ နိုင်ငံရေးရည်မှန်းချက်ပြည့်ဖို့သာ ရှေးရှုပြီး စစ်ဖြစ်နေတဲ့ ၂ ဖက်စလုံးကို ထောက်ပံ့ပေးနေခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဆူဒန်မှာ အရပ်သားအစိုးရစနစ် အသွင်ကူးပြောင်းဖို့ လုပ်ဆောင်နေရာက ၂၀၂၃ ဧပြီလက စတင်ပြီး ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အရန် အမြန်ထောက်ပို့တပ်ဖွဲ့ (RSF) တို့အကြား စစ်ပွဲဖြစ်ပွားခဲ့တာကြောင့် ကမ္ဘာမှာ အကြီးမားဆုံး နေရပ်စွန့်ခွာစစ်ဘေးရှောင်ရာအရပ်၊ ငတ်မွတ်ခေါင်းပါးမှု အမြင့်ဆုံးနိုင်ငံအဖြစ် ပြည်သူတွေ ဒုက္ခအကြီးအကျယ် ရောက်နေခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆူဒန်နိုင်ငံ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး မူကြမ်းတင်သွင်းရာမှာ လက်နက်ကိုင် စစ်ပွဲဆင်နွှဲနေတဲ့ နှစ်ဖက်စလုံး ချက်ချင်းအပစ်အခတ်ရပ်စဲဖို့နဲ့ လူသားချင်းစာနာနားလည်မှုဆိုင်ရာ အထောက်အပံ့တွေ ပို့ဆောင်နိုင်ရေး တင်ပြခဲ့ပါတယ်။
ဒီအဆိုကို အဖွဲ့ဝင် ၁၄ နိုင်ငံစလုံး ထောက်ခံခဲ့ပေမယ့် ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာကြောင့် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ခုတစ်ကြိမ် လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ ရုရှားဟာ ဆူဒန်ပြည်သူတွေ မျက်နှာကိုမကြည့်ဘဲ သူတို့ပိတ်ဆို့အရေးယူခံထားရတဲ့ ရွှေစျေးကွက်မှာ ဆူဒန်ရွှေကုန်သွယ်မှုကို အသုံးချလို့ ရုရှားနိုင်ငံရေးရည်မှန်းချက်အတွက်သာ ကြည့်ပြီး ဗီတိုအာဏာသုံးခဲ့တယ်လို့ စွပ်စွဲ လိုက်တာဖြစ်ပါတယ်။
ဒီစွပ်စွဲ ချက်နဲ့အတူ ဆူဒန်ပြည်တွင်းစစ်ဖြစ်နေတဲ့ လက်နက်ကိုင် ပါတီ နှစ်ခုစလုံးက ရုရှားရဲ့ နှစ်ဖက်စလုံးအပေါ် ထောက်ပံ့ပေးပြီး စစ်မပြီးဆုံးစေဖို့ စီစဉ်အသုံးချနေခြင်းအပေါ် လက်ခံနေကြခြင်းဟာလည်း ပစ်တင် ရှုတ်ချသင့် တယ်လို့ ဂရင်းဖီးလ်က ဆက်လက် ဝေဖန်ခဲ့ပါတယ်။
ဒီဝေဖန်မှုနဲ့ပတ်သက်လို့ ရုရှားရဲ့ ကုလဆိုင်ရာ လက်ထောက်သံအမတ် ပိုလီယန်းစကီးကလည်း အမေရိကန်နဲ့ အပေါင်းအပါမဟာမိတ်နိုင်ငံတွေဟာ ဩဇာနဲ့အင်အားကို အားကိုးပြီး ရွှေစျေးနှုန်းကို ချုပ်ကိုင်ခြယ်လှယ်ကာ သူတို့နိုင်ငံတွေပဲ ကြွယ်၀ချမ်းသာလာဖို့ ရာဇဝတ်မှုမကင်းတဲ့ အမြတ်ထုတ်မှုတွေကို လုပ်ဆောင်နေတာသာဖြစ် ကြောင်း တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။
Ref: newarab
MKF-001
#MeKongNews









