ဝိုင်အများဆုံးထုတ်တဲ့ ပြင်သစ်မှာ ဝိုင်ထက် ဘီယာသောက်သုံးသူ ပိုများလာ
မဲခေါင်၊ ဇန်နဝါရီ ၇
ကမ္ဘာမှာ ဝိုင်ထုတ်လုပ်မှုအများဆုံး၊ သောက်သုံးမှုအများဆုံး ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဝိုင်ထက် ဘီယာသောက်သုံးမှု ပိုများလာခဲ့ရပြီဖြစ်ကာ ဒီဖြစ်စဉ်ဟာ မျိုးဆက်အပြောင်းအလဲကြောင့်လို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။
ပြင်သစ်မှာ အရင်က ဘီယာထက် ဝိုင်သောက်သုံးမှုပိုများခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ကြား ကာလအတွင်း ပြင်သစ်မှာ ဘီယာရောင်းချရမှုနှုန်းဟာ အဖျော်ယမကာစျေးကွက်ရဲ့ ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ဒီကာလအတွင်းမှာပဲ ဝိုင်ရောင်းချရမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းသာ ရှိတော့လို့ ပြင်သစ်နိုင်ငံသမိုင်းမှာ ပထမဆုံး ဝိုင် ထက် ဘီယာရောင်းရမှုနှုန်း ပိုများခဲ့တဲ့ စံချိန်သစ်တစ်ခု တင်သွားခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပြင်သစ်မှာ တစ်အိမ်ထောင် တစ်နှစ်ပျမ်းမျှ ဘီယာသောက်သုံးမှုဟာ ၂၆ လီတာရှိလာပြီး ဝိုင်သောက်သုံး မှုဟာ ၂၄ လီတာနှုန်းသာ ရှိပါတော့တယ်။ ပြင်သစ်အမျိုးသားစိုက်ပျိုးရေး ထုတ်ကုန်ရုံးက ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ဝိုင် ရောင်းချရမှုနှုန်းက ၁၈ ရာခိုင်နှုန်း လျော့ကျသွားပြီး ဘီယာရောင်းချရမှုနှုန်းက ၁၆ ရာခိုင်နှုန်း မြင့်တက်သွားလို့လည်း ဘီယာက ပြင်သစ်မှာ အရောင်းရဆုံး အဖျော်ယမကာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြင်သစ် ပရော်ဖက်ရှင်နယ် အမျိုးသား ဝိုင် ထုတ်လုပ်ရေးကော်မတီက ဒီလို ဝိုင်ထက် ဘီယာ သောက်သုံးမှု ပိုများလာခြင်းဟာ မျိုးဆက်အပြောင်းအလဲကြောင့်ဖြစ်ကြောင်းနဲ့ ဒီကနေ လူနေမှုဘ၀မှာ ဘီယာဟာ ပိုမိုစျေး သက်သာသလို မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူပေါင်းစည်းမှုပိုရစေအောင် လွတ်လပ်စွာ ထိုင်သောက်နိုင်တဲ့ အနေအထားတွေကြောင့် ဝိုင်ကို ကျော်တက်သွားရတာလို့ သုံးသပ်ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews








