ခရစ္စမတ်ရက်မှာ ဂါဇာထဲ အစ္စရေးသုံးကြိမ် တိုက်ခိုက်လို့ ၂၃ ယောက် သေဆုံး
မဲခေါင်၊ ဒီဇင်ဘာ ၂၆
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ရက် အာရုံမတက်မီ အစ္စရေးဟာ ဂါဇာက အင်ဒိုနီးရှားထူထောင်ပေးထားတဲ့ ဆေးရုံ Kamal Adwan အနီး လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ၃ ကြိမ် လုပ်ခဲ့တာကြောင့် အနည်းဆုံး ၂၃ ယောက် သေဆုံးပြီး မနှစ်ကစတင်တဲ့ အစ္စရေး-ဟားမက်စ် စစ်ပွဲကာလအတွင်း ဂါဇာမှာ သေဆုံးသူပေါင်း ၄၅၃၆၁ ယောက်ရှိသွားခဲ့ပြီးလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ၂၀ ကီလိုဂရမ်အလေးချိန်အထက်ရှိတဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ပါတဲ့ ဗုံးတွေကို ဆေးရုံအနီးက အဆောက်အအုံတွေအပေါ် ၃ ကြိမ်လာရောက်ကျဲချခဲ့တာဖြစ်ကြောင်းနဲ့ ဆေးရုံပေါ်က လူနာတွေအတွက်အထူး စိုးရိမ်ရတဲ့ အခြေအနေ ရှိခဲ့ကြောင်း၊ ဆေးရုံအတွက် အရေးကြီးတဲ့ မီးစက်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း ပါလက်စတိုင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၄ နာရီအတွင်း အစ္စရေးရဲ့ ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်မှုမှာ ခွန်းယူနစ်အရပ်က ၁၀ ယောက်၊ နျူဆိုင်ရတ်နဲ့ ဒိုင်ယာ အယ်လ်ဘလာ စစ်ဘေးရှောင်စခန်းက ၁၃ ယောက်သေဆုံးတာဖြစ်ပြီး ၃၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မနှစ်က အောက်တိုဘာ ၇ ရက်နေ့မှာ ပါလက်စတိုင်းကို ချုပ်ကိုင်ထားတဲ့ ဟားမက်စ်တပ်တွေဟာ အစ္စရေး နယ်ထဲ ကျော်ဝင်ပြီး လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်သလို ၂၅၀ ကျော်ကို ပြန်ပေးဆွဲခေါ်ဆောင်သွား ရာက အစ္စရေးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး ချက်ချင်း အပစ်အခတ်ရပ်ဖို့ အမိန့်ထုတ်ခဲ့ ပေမယ့် မလိုက်နာတော့ဘဲ ဟားမက်စ်တွေကို အမြစ်ဖြတ် ချေမှုန်းမှုကနေ ပါလက်စတိုင်းပြည်သူတွေ သေဆုံးမှု များပြားခဲ့တာဖြစ်သလို အငတ်ဘေးလည်း ဆိုက်နေရပြီဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့လကပဲ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ဟာ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂဲလန့်တို့ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ ဖမ်း၀ရမ်း ထုတ်ခဲ့ပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ သူတို့ဘာသာ အခါကြီးရက်ကြီးတောင် မရှောင်ဘဲ သေဆုံးမှုတွေကို ထပ်ဖြစ်ပွားစေခဲ့တာဖြစ်ပါတယ်။
Ref: aa
MKF-001
#MeKongNews








