မဲခေါင်၊ နိုဝင်ဘာ ၁၇
ထိုင်းနိုင်ငံ၊ ဖန်းငခရိုင် ပင်လယ်ကမ်းခြေမှာ ကလေးငယ် ၃၀ အပါ ရိုဟင်ဂျာလို့ ယူဆရသူ အယောက် ၇၀ ကို တွေ့ရှိပြီး ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေကြောင်း ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖန်းငခရိုင် ရဲမှူးက လက်ရှိ စစ်ဆေးမှုအရ ဒီရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ လာတယ်လို့ ဆိုပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကို ထပ်ကူးဖို့ ထိုင်းကို အရင်ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာတွေ ဖြစ်နိုင်ကြောင်းသာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရိုက်တာသတင်းမှာ ဖော်ပြပါရှိလာတဲ့ ဓာတ်ပုံအရ ခေါင်းဆောင်းဝတ်အမျိုးသမီးတွေကို ကမ်းခြေမှာ တွေ့ရပြီး ရိုဟင်ဂျာတွေဟာ ပင်လယ်ငြိမ်သက်မှုရှိတဲ့ အောက်တိုဘာနဲ့ ဧပြီလတွေကြား ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီ သစ်သားလှေတွေနဲ့ နှစ်စဉ် ရွက်လွှင့် ထွက်ပြေးခိုလှုံလေ့ရှိကြပါတယ်။
ဖန်းင မြို့တော်၀န် ဆူပေါ့ရော့ဒရန်းကတော့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတာကိုသာ အသေအချာ ပြောနိုင်သေးပြီး မြန်မာနိုင်ငံကနေ ထွက်လာတဲ့ ရိုဟင်ဂျာတွေ ဟုတ်မဟုတ်ကိုတော့ စစ်ဆေးနေဆဲဖြစ်လို့ အတိ အကျ မသိရသေးကြောင်းနဲ့ ကလေးငယ်တွေကို လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း ဖွင့်ပြောသွားပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်းရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ လှေတွေနဲ့ ပင်လယ်ဖြတ်ကျော်ပြီး အင်ဒိုနီးရှားကို ရောက် ရှိလာခဲ့ကြပါသေးတယ်။
Ref:CAN
MKF-001
#MeKongNews
#ထိုင်း
#ရိုဟင်ဂျာ
#မြန်မာ
#ထွက်ပြေး
#ထိန်းသိမ်း








