မဲခေါင်၊ သြဂုတ် ၂၉
ဂျပန်နိုင်ငံတောင်ပိုင်း အဓိကကျတဲ့ ကျူးရှူး ကျွန်းပေါ်ကို ချဉ်းကပ်လာနေပြီး ဩဂုတ် ၂၈ ရက်နေ့ ဖြတ်သန်းမယ့် ရှန်ရှန် တိုင်ဖွန်းမုန်တိုင်းဟာ အလွန်အင်အားပြင်းပြီး တစ်နာရီ ၁၅၇ မိုင်နှုန်းနဲ့ တိုက်ခတ်ဝင်ရောက်လာမှာဖြစ်လို့ အထူးအန္တရာယ်ရှိတဲ့ အဆင့်အဖြစ် သတိပေးချက်ကို ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီရှန်ရှန်တိုင်ဖွန်းမုန်တိုင်းဟာ ဩဂုတ် ၂၈ ရက်မှာ အလယ်ပိုင်းဒေသ အိုက်ချိစီရင်စု ဂမ်မာဂိုရီအရပ်က နေအိမ် တစ်လုံးကို အလုံးလိုက် တစစီဖြစ်သွားအောင် မွှေနှောက်တိုက်ခတ်သွားပြီး နေအိမ်ထဲရှိနေတဲ့ မိသားစု ၅ ယောက်ထဲက ၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၃ ယောက် ပျောက်ဆုံးနေခဲ့သလို မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် ကျူးရှူးကျွန်းကို ဝင်ရောက်လာမယ့် မုန်တိုင်းဟာ ပိုမိုအားကောင်းလာနေလို့ လူဦးရေ ၁၂.၅ သန်း နေထိုင်တဲ့ ကျွန်းပေါ်မှာ အရင်ကျွန်းသားတွေ တခါမှ မကြုံဖူးတဲ့ အပြင်းထန်ဆုံး မုန်တိုင်းမျိုး ဩဂုတ် ၂၉ ရက်မှာ ကြုံရမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီမာဆာဟာရာရှီကိုယ်တိုင်က အထူးသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၂၉ ရက်မနက်ပိုင်းမှာ ကျူးရှူးကျွန်းတောင်ပိုင်းကို ကျရောက်မယ့် မိုးရေချိန်ဟာ လက်မ ၂၀ အထိ ရှိမယ်လို့ မျှော်မှန်းထားပြီး နောက်တစ်ရက်အထိ ၂၄ နာရီလုံး မိုးသည်းထန်စွာ ရွာသွန်းနေရင်း မုန်တိုင်းကြီးဖြတ်မှာဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်သွားပါတယ်။
ဒေသခံ အစိုးရက ရှီဇူအိုကာက လူပေါင်း ၈၁၀,၀၀၀ ကို ဟွန်းရှူးကျွန်းကို ပြောင်းရွှေ့ဖို့ စေခိုင်းထားပြီး နောက်ထပ် ၅၆,၀၀၀ ကို ကာဂိုရှီးမားကို ပြောင်းဖို့ အကြံပေးတိုက်တွန်းထားကြောင်း သိရှိရပါတယ်။
Ref: digitaljournal











