မဲခေါင်၊ ဇူလိုင် ၁၅
ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ အစ္စရေးဘက်က ဂါဇာတောင်ပိုင်းကို ၄ ကြိမ်ခွဲတိုက်ခိုက်မှုပြုလုပ်လို့ အယောက် ၉၀ ကျော်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အစ္စရေးပစ်မှတ်ထားတယ်ဆိုတဲ့ ဟားမက်စ်တပ်မှူး မိုဟာမက်ဒီအက်ဖ်နဲ့ ဒုတပ်မှူး ရာဖာဆယ်လ်မာတို့ ရှိတဲ့ နေရာဖြစ်လို့ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ကြောင်း၊ တိုက်ခိုက်တဲ့နေရာဟာ သူတို့ဘက်က သတ်မှတ်ပေးထားတဲ့ ဘေးကင်းဇုန်ဖြစ်နေတာကလည်း အမှန်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုနောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်လေ့လာချင့်တွက်နေတယ်လို့ အစ္စရေးတပ်ဘက် အရာရှိတစ်ဦးက ထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒီအက်ဖ်ဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ပြီး အယောက် ၁၂၀၀ ကို သတ်ဖြတ်သွားတဲ့ ဟားမက်စ်အဖွဲ့ခေါင်းဆောင်ဖြစ်တာကြောင့် သုတ်သင်ရှင်းလင်းနိုင်ဖို့ ကြိုးစားနေတာဖြစ် ပြီး အခုတိုက်ခိုက်မှုမှာ သေဆုံးခြင်းရှိမရှိကိုတော့ အစ္စရေးဘက်က အတည်မပြုနိုင်သေးပါဘူး။ အေပီသတင်းဌာန သတင်းထောက်တွေ ဂါဇာဆေးရုံကို သွားရောက် သတင်းယူရာမှာတော့ သေဆုံးအလောင်း အယောက် ၄၀ ကျော် တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အစ္စရေးဘက်က ၄ ကြိမ် ခွဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသေဆုံး သူတွေကို တွဲကား၊ မြည်းဆွဲလှည်း၊ အဝတ်စတွေနဲ့ ကြုံသလိုသယ်ယူနေရကြောင်း မျက်မြင်သက်သေတွေက ဖွင့်ဟကြပြီး အစ္စရေးဟာ ရာဖာမြို့မြောက်ပိုင်းနဲ့ခွန်းယူနစ်မြို့တွေမှာ ဘေးကင်းဇုန်သတ်မှတ်ပေးထားတဲ့ နေရာကို ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးဘက်က စကားခေါ်နေခြင်းဟာ ဟန်ပြလိမ်လည်နေခြင်းဖြစ်ပြီး ဒါကို အခွင့်ကောင်းယူလို့ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာဖြစ် ကြောင်း ဟားမက်စ်ဘက်က ထုတ်ပြန်သွားပါတယ်။
Ref: irishexaminer
MKF-001










