မဲခေါင်၊ မေ ၁၈
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း သိရှိရပါတယ်။
ဗြိတိန် The Sun မီဒီယာရဲ့ ပြည်ပသတင်းအယ်ဒီတာ Tom Malley တင်ပြတဲ့ ဒီသတင်းမှာ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေ အရကို အီရန်မြို့ကြီးတွေရဲ့ အပြင်ဘက် မြေအောက် ၁၆၄၀ ပေအောက်မှာနျူကလီးယားလက်နက်ထုတ် စက်ရုံ ကြီးတွေ တည်ဆောက်ထားပြီး လက်နက်တွေ အများအပြားထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
အားလုံးကို အတိအကျမသိ နိုင်သေးပေမယ့် မတူညီတဲ့ဒေသ ၇ ခုမှာ ဒီလို မြေအောက် လက်နက်ထုတ်မြို့တွေ တည်ဆောက်ထားပြီး စက်ရုံ တစ်ခုနဲ့တစ်ခုကိုလည်း မြေအောက်ဥမင်လမ်းကြီးတွေတည်ဆောက် ဆက်သွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။


အီရန်နိုင်ငံ QOM မြို့အနီး မြေအောက်ထဲမှာ ယူရေနီယံသန့်စင်စက်ရုံနဲ့အတူ နျူကလီးယားလက်နက်ထုတ် ပစ္စည်းတွေ၊ ဒုံးတင် ထရပ်ကားတွေ၊ Hardware ပစ္စည်းတွေ အပုံအပင်ရှိတယ်လို့လည်း ကောင်းကင်မြေပုံအရ တွေ့ရှိထားရပြီး လက်ရှိမှာ အဓိကရန်သူဖြစ်နေတဲ့ အစ္စရေးကို ဦးဆုံးပစ်မှတ်အဖြစ် တိုက်ခိုက်လာနိုင်တယ်လို့ နျူကလီးယားကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
နျူကလီးယားကျွမ်းကျင်သူတွေက အီရန်ဟာ ၆ လ အတွင်း အပြင်းထန်ဆုံးနျူကလီးယားဗုံးတစ်လုံး ထုတ်လုပ်နိုင်စွမ်းရှိနေပြီး ဒီထုတ်လုပ်မှုတွေဟာ မြေအောက် လက်နက်ထုတ်စက်ရုံတွေမှာပဲ ထုတ်လုပ်နေတာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။
၂၀၁၅ ခုနှစ်က အီရန်ဗိုလ်မှူး ချုပ် အေမာအလီဟာဂျီဇာဒက်က မြေအောက်နျူကလီးယားလက်နက် ထုတ်လုပ်မှုဗီဒီယိုဖိုင်ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲခဲ့ရင် အီရန်နိုင်ငံဟာ မီးတောင်ပေါက်သလို ဖြစ်သွားနိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
၂၀၁၆ ခုနှစ်က လည်း အီရန်မျိုးချစ်အစောင့်တပ်က သူတို့ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေများလို့ ထားစရာနေရာမရှိအောင် ဖြစ်နေရတယ်လို့ ပြောဆိုခဲ့ဖူးပါသေးတယ်။


ပြီးခဲ့တဲ့ ဧပြီလအတွင်းက အီရန်ဟာ ဟားမက်စ်ကို စစ်ဆင်ရေးဆင်နေတဲ့ အစ္စရေးနိုင်ငံထဲ ဒရုန်းနဲ့ ဒုံးကျည်ပေါင်း အလုံး ၃၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အစ္စရေးနဲ့ မဟာမိတ်တွေဘက်က အားလုံးနီးပါး ပစ်ချဖျက်ဆီးလိုက်နိုင် ပါတယ်။
အီရန်က သူတို့ကို ပြန်တုံ့ပြန်ရင် ဘယ်တုန်းကမှ မမြင်ဖူးတဲ့ လက်နက်ဆန်းတွေနဲ့ ထပ်ပစ်ခတ်ရမယ်လို့ သတိပေးခဲ့သေးလို့ အခု မြေအောက်မြို့တွေမှာ ထုတ်လုပ်နေတဲ့ နျူကလီးယားဒုံးတွေ ထုတ်သုံးလာနိုင်ကြောင်း စိုးရိမ်စရာရှိနေပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်မှုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ယူရေနီယံ ကို ၂၀၁၉ ခုနှစ်နောက်ပိုင်း သန့်စင်ထုတ်လုပ်မှုအဖြစ် ၉၉၇ ကီလိုဂရမ်ကနေ ၃၈ ရာခိုင်နှုန်းတိုးမြှင့်ပြီး ၅၅၂၅ ကီလို ဂရမ်အထိ ထုတ်လုပ်နေလို့လည်း ဒီလို မြေအောက် နျူကလီးယားလက်နက်စက်ရုံတွေ ထူထောင် ထုတ်လုပ်နေ နိုင်တာဖြစ်ပါတယ်။
Ref:Thesun
MKF-001








