မဲခေါင်၊ ဖေဖော်ဝါရီ ၂
ဇန်နဝါရီ ၃၁ ရက်နေ့က ယီမင်နိုင်ငံထဲ အခြေစိုက်တဲ့ အီရန်ထောက်ပံ့ ဟူသီသူပုန်အဖွဲ့ ပစ်ခတ်လိုက်တဲ့ သင်္ဘောဖျက်ပဲ့ထိန်း ဒုံးကျည်တစ်စင်းနဲ့ အီရန်ထုတ် UAV ၃ စင်းကို အေဒင်ပင်လယ်ကွေမှာ အမေရိကန် စစ်သင်္ဘော USS Carney က အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနကွပ်ကဲမှုရုံးက ထုတ်ပြန်သွားခဲ့ပါတယ်။
ဒေသစံတော်ချိန် ည ၉ နာရီခွဲမှာ UAV ၃ စင်းနဲ့ ဒုံးကျည်တစ်လုံးကို ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက်မှု၊ ဒဏ်ရာရ သေဆုံးမှု လုံး၀မရှိဘူးလို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျော်ဒန်နိုင်ငံထဲက အမေရိကန် စစ်အခြေစိုက်စခန်းကို အစ္စလာမ္မစ်အစွန်းရောက် လက်နက် ကိုင်တပ်ဖွဲ့က ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ အမေရိကန် စစ်သား ၃ ယောက်သေဆုံးပြီး အယောက် ၄၀ နီးပါး ဒဏ်ရာရခဲ့မှုအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြင်ထန်တဲ့ လက်စားချေမှုလုပ်မယ်လို့ ကြေညာ အပြီး ဟူသီသူပုန်အဖွဲ့က အေဒင်ပယ်လယ်ကွေ့မှာ ထပ်မံတိုက်ခိုက်မှုတွေ လုပ်လာတာဖြစ်ပါတယ်။
ဂါဇာကို ဝင်တိုက်နေတဲ့ အစ္စရေးဘက်က အမေရိကန်နဲ့အနောက်မဟာမိတ်တွေ ဝန်းရံမှုအတွက် အီရန်ဟာ အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့မှုတွေလုပ်နေပြီး ပင်လယ်နီထဲဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခိုင်းနေတာဖြစ်ပါတယ်။
အမေရိကန်က အစ္စရေး-ဟားမက်စ် စစ်ပွဲကာလ အတွင်းပထမဆုံး အမေရိကန် စစ်သား ၃ ဦးသေဆုံးမှုမှာ တရားခံက အီရတ်အခြေစိုက် အီရန်ထောက်ပံ့ Kata’ib ဟစ်ဇ်ဘိုလာအဖွဲ့လက်ချက်လို့ ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်သူမှန်သမျှကို လက်စားချေ တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အီရန်ဘက်ကတော့ သူတို့အမိန့်ပေးခိုင်းစေလို့မရတဲ့ လက်နက်ကိုင်တွေ ပြည်ပမှာ အများကြီးရှိလို့ ဒီပစ်ခတ်မှုဟာ သူတို့နဲ့မဆိုင်ကြောင်း၊ အီရန်နိုင်ငံထဲ ပစ်ခတ်တိုက်ခိုက်မှု လုပ်လာရင် အမေရိကန်ရဲ့ ပစ်မှတ်တွေကို ချက်ချင်း ပြန်တိုက်ခိုက်သွားမယ်လို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အမေရိကန်
#စစ်သင်္ဘော
#ပစ်ချ
#ဒရုန်း










