မဲခေါင်၊ ဒီဇင်ဘာ ၁၆
ဒီဇင်ဘာ ၁၅ ရက်နေ့မှာပဲ ဘရပ်ဆဲလ်မြို့မှာကျင်းပပြုလုပ်တဲ့ ဥရောပသမဂ္ဂအစည်းအဝေးမှာ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး စတင်ဆွေးနွေးသွားဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ယူကရိန်းဟာ ဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လို့ လက်ရှိ ရုရှားရဲ့ ကျူးကျော် စစ်ဆင်နွှဲတာကို ခံနေရပြီး ရုရှားခြယ်လှယ်မှုအနေ လုံး၀လွတ်မြောက်ရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့ လျှောက်ထားခဲ့တာကြာပြီဖြစ်ပေမယ့် ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်မှုမရှိအောင် ရှောင်ချင်တဲ့နိုင်ငံတွေရှိနေလို့ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံသေးတာဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်နိုင်ဖို့က နှစ်အတော်ကြာလိုအပ်နိုင်သေးပေမယ့် အခု ယူကရိန်းနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စတင် စကားပြောဆွေးနွေးခွင့် ပေးလိုက်တာကိုပဲ ယူကရိန်းသမ္မတဇီလန်းစကီးက ယူကရိန်းရဲ့ အောင်ပွဲ၊ ဥရောပတိုက်ရဲ့ အောင်ပွဲ၊ ခွန်အားဖြစ်စေတဲ့ အောင်ပွဲလို့ ဂုဏ်ယူစွာ မိန့်ခွန်းထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒီအဆိုအပြင် ယူကရိန်းကို ဥရောပသမဂ္ဂက ယူရိုဘီလီယံ ၅၀ ထောက်ပံ့ပေးဖို့ တင်ထားတဲ့အဆိုကိုတော့ ရုရှားနဲ့ တစ်ဖက်တည်းရပ်တည်နေတဲ့ ဟန်ဂေရီနိုင်ငံက ကန့်ကွက်ခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။
အီယူရဲ့ စည်းမျဉ်းမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံလုံးရဲ့ တစ်ညီတစ်ညွတ်တည်းထောက်ခံမဲရမှ ယူရိုဘီလီယံ ၅၀ ပေးကမ်း နိုင်မယ့် အရေးမှာ ၂၆ နိုင်ငံခေါင်းဆောင်တွေက ထောက်ခံမဲပေးပြီး ဟန်ဂေရီတစ်နိုင်ငံတည်းက ကန့်ကွက်လို့ အများသဘောတူချက်ကို ကန့်ကွက်တာရတယ်၊ အစည်းအဝေးခန်းထဲကထွက်သွားဆိုတဲ့အတွက် ဟန်ဂေရီ ကိုယ်စားလှယ် ခန်းမထဲက ထွက်သွားခဲ့ရကြောင်းလည်း သိရှိရပါတယ်။
ဂျာမနီနဲ့နယ်သာလန်နိုင်ငံခေါင်းဆောင်တွေကတော့ ယူကရိန်းကို ယူရို ဘီလီယံ ၅၀ ထောက်ပံရေးဟာ ဟန်ဂေရီ ကန့်ကွက်လို့အခုမဖြစ်သေးပေမယ့် လာမယ့်နှစ် ဇန်နဝါရီလနှောင်းပိုင်းမှာပဲ ထပ်မံ မဲပေးဆုံးဖြတ်ပြီး ရအောင် ထောက်ပံ့သွားဖို့ ကြိုးစားမှာဖြစ်ကြောင်း ကတိပြုပြောကြားသွားပါတယ်။
Ref: malaymail
MKF -001
#MeKongNews
#ယူကရိန်း
#အီးယူ
#သဘောတူ








